မိုးညို ဇန်နဝါရီ ၁၅
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုအုပ်စု၊ ဘုရားဖြူချောင်းကူး ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက ကျင်းပရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကားပြောကြားသည်။ ထို့နောက် ဒေသခံပြည်သူ တစ်ဦးက မိုးညိုမြို့နယ်၊ အိုးဘိုအုပ်စု၊ ဘုရားဖြူ ချောင်းကူးကွန်ကရစ်တံတား တည်ဆောက်ပေးမှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တံတားဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်းအား ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်လူက ဝန်ကြီးချုပ်အားလည်းကောင်း၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရပ်မိ/ရပ်ဖ တစ်ဦးအားလည်းကောင်း အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်သည်။
ယင်းနောက် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည်နှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးခင်မောင်သန်းတို့က မိုးညိုမြို့နယ်၊ အိုးဘိုအုပ်စု၊ ဘုရားဖြူ ချောင်းကူး ကွန်ကရစ် တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ တံတားပေါ် ဖြတ်သန်းကြည့်ရှုကြသည်။ ဝန်ကြီးချုပ်သည် ဖျော်ဖြေရေးအဖွဲ့အတွက် ငွေကျပ် ၃ သိန်း၊ အိုးဘိုကျွန်း ကျေးရွာ ကျေးလက်ကျန်းမာရေး ဝန်ထမ်းများအတွက် ငွေကျပ် ၂ သိန်း ပေးအပ်ခဲ့ပြီး ဒီပါဧ ဆုတောင်းပြည ့်ဘုရားကြီးကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်း များနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။
မိုးညိုမြို့နယ်၊ အိုးဘိုအုပ်စု၊ ဘုရားဖြူ ချောင်းကူး ကွန်ကရစ်တံတားသည် အရှည်ပေ ၂၈၀၊ အကျယ် ပေ ၂၀ သံကူကွန်ကရစ်တံတားဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၆၆၅ သန်းဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်းအရှည် စုစုပေါင်း ၄၀၂ မိုင် ၁ ဖာလုံ၊ တံတား ၁၇၄ စင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ် (အောက်တိုဘာလမှ မတ်လအထိ) လမ်းအရှည် စုစုပေါင်း ၇၈ မိုင် ၄ ဖာလုံ၊ တံတားစုစုပေါင်း ၆၄ စင်းတို့အား ဆောင်ရွက် ပေးလျက်ရှိပြီး ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်အတွက် လမ်းအရှည် စုစုပေါင်း ၁၉၁ မိုင် ၃ ဖာလုံနှင့် တံတား ၇၈ စင်းတို့အား တည်ဆောက်ပေးသွားရန် လျာထားလျက်ရှိကြောင်း သိရှိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ထောက်ပံ့မှုဖြင့် စိုက်ပျိုးထားသည့် မိုးညိုမြို့နယ်၊ မယင်းငယ်ရွာ၊ တောင်သူ ဦးစိုးသန့်ခိုင်၏ သီးထွက်သီးနှံ နေကြာ သီးညှပ် စိုက်ပျိုးအောင်မြင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခြီး ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန် တာဝန်ရှိသည်များအား လမ်းညွှန်မှာကြားသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းလှမြို့နယ်၊ ပန်းဇံမြောင်း၊ မုက္ခာချောင်းဟောင်းနှင့် ချောင်းသစ်ထိပ်တွင် ရေတံခါးများ တပ်ဆင်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုဦးက ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်က ကိုယ့်အားကိုယ်ကိုး အင်ဂျင်ရေတင်စနစ်ဖြင့် ဆောင်ရွက်နေရာမှ ဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးနိုင်ရေး အသိပညာပေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။
တင်စိုး(ပဲခူး)


