နေပြည်တော် ဇန်နဝါရီ ၇
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော် အခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စိန်ရတုပြည်ထောင်စုနေ့အကြို လူငယ်နှင့် စာပေပွဲတော် အခမ်းအနား ကျင်းပရေး ဉီးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမောင်မောင်အုန်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမင်းသိန်းဇံ၊ အတွင်းရေးမှူးနှင့်ကော်မတီ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဉီးစွာ ကျင်းပရေးဉီးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဉီးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် နှစ်စဉ်စာပေပွဲတော်အခမ်းအနားများ ကျင်းပခဲ့သည့် အစဉ်အလာရှိသည်နှင့်အညီ ယခုနှစ် တွင်လည်း စာပေပွဲတော်တစ်ခုကို ကျင်းပမည်ဖြစ်ပါကြောင်း၊ ယခုနှစ် ကျင်းပမည့် စာပေပွဲတော်ကို လူငယ်များ၏ အခန်းကဏ္ဍကို ဉီးစားပေးသည့်အနေဖြင့် လူငယ်နှင့် စာပေပွဲတော်ဟု အမည်ပေးထားပါကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်က လူငယ်များအား အလေးထားပါကြောင်း၊ လူငယ်နှင့် စာပေပွဲတော်အခမ်းအနားသို့ တက်ရောက်လာသည့် လူငယ်များအနေဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ဖြစ်ပေါ်လာစေရေးအတွက် အစီအစဉ်များ ထည့်သွင်း ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ လူငယ်နှင့် စာပေပွဲတော်ကို ပြန်ကြားရေးဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာန ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ယခု ကျင်းပမည့် လူငယ်နှင့် စာပေပွဲတော်ကို (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကျင်းပခြင်းလည်း ဖြစ်ပါကြောင်း။
ပွဲတော်ကျင်းပရာတွင် မိမိတို့ဝန်ကြီးဌာနက စာပေနှင့်ပတ်သက်၍ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်ဖွင့်လှစ်၍ စာအုပ်၊ စာစောင်များ ရောင်းချခြင်း၊ စာရေးဆရာကြီးများ၏ ဓာတ်ပုံများ ခင်းကျင်းပြသခြင်း၊ ကလေးစာဖတ်ခန်းဖွင့်လှစ်ပေးခြင်း၊ လေကြောင်းပညာရပ်ဆိုင်ရာ သရုပ်ပြသ ခြင်း၊ သမိုင်းဝင်စာချုပ်စာတမ်းများ၊ မှတ်တမ်းများခင်းကျင်းပြသခြင်း၊ အားကစားလှုပ်ရှားမှုပြခန်း၊ ကာတွန်း ဓာတ်ပုံပြခန်းပြသခြင်းနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနပြခန်းများ ပြသခြင်းများ ဆောင်ရွက်မည်ဖြစ်ပါ ကြောင်း၊ ထူးထူးခြားခြားအနေဖြင့် မြန်မာနိုင်ငံလေကြောင်းဝါသနာရှင်များ အသင်း၏ လေကြောင်းပညာ ရပ်ဆိုင်ရာ သရုပ်ပြသခြင်းကိုလည်း ထည့်သွင်းထားပါကြောင်း။
ကလေးများ ပျော်ရွှင်စေရန် ဖျော်ဖြေရေးအစီအစဉ်များ၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ အိမ်ဆောက် ကစားခြင်း ပြိုင်ပွဲများ၊ အသင်းအဖွဲ့အလိုက် ပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်ပြီး လူငယ်ကဏ္ဍတွင် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ၏ လေ့ကျင့်နေမှုများနှင့် အားကစား ကဏ္ဍ၏ အရေးပါပုံများကိုလည်း ပြသမည်ဖြစ်ပါကြောင်း၊ ပွဲတော်ကို ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ကျင်းပသွားမည်ဖြစ်ပြီး လူငယ်နှင့်စာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
(သတင်းစဉ်)