ရန်ကုန် ဇန်နဝါရီ ၄

 

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပသည်။

 

ဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ကျင်းပရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ခွဲ အလံတင်တပ်စုမှူး ဗိုလ်ကြီးအောင်ဟိန်းထက် ဦးဆောင်သည့် အလံတင်တပ်စု၊ ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများက နိုင်ငံတော်အလံကို  လွှင့်တင်အလေး ပြုကြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစိုးသိန်းသည် နံနက် (၇) နာရီတွင် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား ကျင်ပမည့်နေရာသို့ ရောက်ရှိပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။

 

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၊ တက်ရောက်လာကြသူများနှင့်အတူ နိုင်ငံတော်အလံကို အလေးပြုကြပြီး ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့ကို အလေးပြု၍ သစ္စာလေးချက်ကို ရွတ်ဆိုကြသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်၀န်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင်ထံမှပေးပို့သော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစိုးသိန်းက ဖတ်ကြားသည်။

 

 နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။     

 

ကိုကိုဇော်-MNA