ရန်ကုန် ဒီဇင်ဘာ ၂၆
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီခွဲက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် မင်းကျောင်ပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါစရိယ အဖွဲ့ဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်ကြီးများ၊ စာပြန် သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် ဧည့်ပရိသတ်များက တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ ဒုတိယဥက္ကဋ္ဌဆရာတော် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသုဓမ္မာ စာရာဘိဝံသ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့နယ် မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာဘိဝံသက တိပိဋကဓရ တိပိဋက ကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးတွင် ဝင်ရောက်ပြန်ဆို ဖြေဆိုတော် မူကြသော သာသနာ့အာဇာနည် အရှင်မြတ် တို့အား ဆွမ်းစသော အာမိသာနုဂ္ဂဟဖြင့် လှူဒါန်းထောက်ပံ့ကြသည့် နိုင်ငံတော်အစိုးရ အမှူးပြုသော ဒါယကာ ဒါယိကာမ အပေါင်းတို့သည်လည်း သာသနံ ပုညဝန္တဿ ပုညဝန္တဝ လဗ္ဘရေ ဟူသော ဩဝါဒ ဒေသနာတော်အရ ရှေးကပြု ဖန်ဘုန်းကံကြီးမားကြသူများဖြစ်ကြပြီး ထိုဘုန်းကံကြီး မားကြသော ရဟန်းရှင်လူတို့သည် ဖြူစင်သည့်စိတ်ဇွဲဖြင့် အချင်းချင်းအမှီသဟဲပြု၍ သာသနာတော်မြတ် ကြီးကို အာမိသာ နုဂ္ဂဟဖြင့် စောင့်ရှောက်ချီးမြှောက်သွားပါက သာသနာတော်အရှည်ခန့်တည်တံ့ပြီး ဆရာတကာနှစ်ဖြာလုံးမှာလည်း သံသရာဆုံးရာ နိဗ္ဗန်တိုင်ထိ သမ္ပတ္တိအကျိုးဖွံ့ဖြိုးပြည့်စုံမည် ဖြစ်ကြောင်း သာရဏီယ သြဝါဒကထာကို မြွတ်ကြားသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေပွဲကြီးသည် မြတ်စွာဘုရား၏ နှုတ်တော်ထွက် မုခပါဌ် ဝိမုတ္တိရသတရားတော်များကို အလေးအမြတ်ပြုသောအားဖြင့် ရဟန်းသာမဏေတို့သာ ဖြေဆို ခွင့်ပြုခြင်း အာဂုံပြန်နှင့် သဘောရေးဖြေ ၂ဆင့်ဖြေဆိုရခြင်း စာမေးပွဲကာလကို ၃၃ ရက်တိုင်ရက်ရှည် ကျင်းပခြင်း စသည့် စည်းကမ်းများသည် အရှင်မြတ်တို့၏ သဒ္ဓါ၊ ဝီရိယ၊ သမာဓိတို့နှင့် ပြည့်စုံပြီး ဉာဏ်ကျက်စားရာ စာမေးပွဲကြီးဖြစ်ပါကြောင်း၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ကြီးကို ကျင်းပခဲ့သည့် (၇၅)နှစ်အတွင်း တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အရှင်မြတ်(၁၅)ပါးနှင့် ပိဋကသုံးပုံအာဂုံဆောင် တိပိဋကဓရ သာသနာ့အာဇာနည် အရှင်မြတ်(၇)ပါးထွက်ပေါ်ခဲ့သည်မှာ ကမ္ဘာအရပ်ရပ်၌ တွေ့ရှိရန် ခဲယဉ်းသော ဤစာမေးပွဲ၏ ထူးခြားမှုတစ်ရပ်ပင်ဖြစ်ပါကြောင်း” သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ဆက်လက်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကေ သရာဘိဝံသအရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် သံဃာတော်များအား တစ်ပါးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် အလှူငွေကျပ် သိန်း(၁၈၀) (၁)သောင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနှင့် တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါစရိယဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာထောက်စာမ ဆရာတော်များ၊ စာပြန်သံဃာနှင့် သဘောရေးဖြေ သံဃာတော်များအတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယနေ့တွင် ဆွမ်းအလှူရှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုတို့က (၅)ကြိမ်မြောက် အရုဏ်ဆွမ်း/နေ့ဆွမ်းများကို လှူဒါန်းကြသည်။
ယနေ့စတင်ကျင်းပသည့် (၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီး ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ၂၇ ရက်အထိ ၃၃ ရက်တိုင်တိုင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသွားမည်ဖြစ်ပြီး စာဖြေ သံဃာ (၄၉၈) ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ရှိ ဟံသာသီရိ ကုန်းမြေတွင် ဆရာတော်ကြီးများ သီတင်းသုံးတည်းခိုဆောင်များ ပြင်ဆင်ဆောင်ရွက်နေသည့် လုပ်ငန်း များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဟံသာသီရိ ကုန်းမြေမြေပြုပြင်ခြင်းနှင့် မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများသည် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ (၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒရွေးချယ်ရေးစာမေးပွဲ အာဂုံပြန်ဆိုတော်မူကြသော စာပြန်သံဃာတော်များအား ဖူးမြော်ကြည်ညို ပြီး တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေး ဆရာတော်များအား နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
(သတင်းစဉ်)


