နေပြည်တော်၊ ဇန်နဝါရီ ၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဂုဏ်ပြုဆောင်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ဂုဏ်ပြုဆောင်ခန်းမ ဥပစာမြက်ခင်းပြင်သို့ ရောက်ရှိကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့နှင့်အတူ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မီးရှူးမီးပန်းများ ပစ်ဖောက်မှုကို ကြည့်ရှုအားပေးကြသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုဆောင်ခန်းမ၌ ညစာကို အတူတကွသုံးဆောင်ကြသည်။ ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာများ၊ ပဒေသာကပွဲများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

 

mdn

 

 

ပဒေသာကပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တေးသံရှင်များနှင့် အနုပညာရှင်များကို ဂုဏ်ပြုပန်းခြင်းပေးအပ်ပြီး ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်‌ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

 

အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်များ၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌ များနှင့် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား တိုင်းရင်းသူများ၊ အနုပညာရှင်များ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များနှင့် အထူး ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

 သတင်းစဉ်