နေပြည်တော် ဒီဇင်ဘာ ၁၄

 

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များ အဓိကစွမ်းအားအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရေး၊ လူငယ်များကဏ္ဍတိုးမြှင့် ဆောင်ရွက်ပေးရေး ရည်ရွယ်ကျင်းပသော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးနေပြည်တော်ကောင်စီဝင်များ၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက လူငယ်မောင်မယ်များအနေဖြင့် စာကောင်းပေမွန်များကို ဖတ်ရှုလေ့လာ သည့် အလေ့အထကောင်းနှင့် မိမိတို့တစ်ဦးချင်း၏ ဗဟုသုတ အသိအလိမ္မာ ဉာဏ်ပညာပြည့်ဝရေး ကြိုးပမ်းကြပြီး နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတို့အပေါ် နည်းလမ်းပေါင်းစုံဖြင့် လွှမ်းမိုးရန်ကြိုးပမ်း နေကြသည့် အဖျက်အမှောင့်ဘေးအန္တရာယ်များကို တွန်းလှန်ဖယ်ရှားရေး၊ အမျိုးဘာသာသာသနာ ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးနှင့် တည်ဆဲဥပဒေများနှင့်အညီ ကျင့်ကြံနေထိုင်ရေး တို့နှင့်စပ်လျဉ်း၍ တိုက်တွန်းပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီးက (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

 

ထို့နောက် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က မြန်မာ့လွတ်လပ် ရေးရယူပေးနိုင်သည့် လူငယ်တို့၏ မျိုးချစ်စိတ်ဓါတ် ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။

 

ယင်းနောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗဟုသုတ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းဖြေဆိုကြကာ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံ လူငယ်ရေးရာဌာနမှ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေး သရုပ်ပြဖျော်ဖြေကြသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးများက စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)တို့မှ ကျောင်းသား ကျောင်းသူများအား အားကစားပစ္စည်းများနှင့် ဂုဏ်ပြု လက်ဆောင်များ ချီးမြှင့်ပေးအပ်ကြပြီး စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်က ကျေးဇူးတင်စကား ပြောကြားသည်။

(သတင်းစဉ်)