မြစ်ကြီးနား ဒီဇင်ဘာ ၂၈

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

အဆိုပါ ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ၌ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ ၂၀ ဦး၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၌ ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူ ၁၆ ဦးနှင့် ဘက်စုံသုံးခန်းမတွင် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၌ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ ၂၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

ထို့နောက် ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားအား ဆက်လက်ကျင်းပရာ ကချင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ငုချိုချိုကျော်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုများရရှိသော ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှဌေးနှင့် တာဝန်ရှိသူများက အမှတ်တရ ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

အဆိုပါ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအား မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်းဒေးရှင်းတို့ ပူးပေါင်းကျင်းပကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)