ရန်ကုန် ဒီဇင်ဘာ ၂၂

 

ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် ယနေ့နံနက်ပိုင်းက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ခရိုင်နှင့်မြို့နယ်များမှ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ မိဘများ ကြည့်ရှုအားပေးကြသည်။

 

ဦးစွာ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပန်းပွားနှင့် ဘင်ခရာအဖွဲ့က ပြိုင်ပွဲတွင် သတ်မှတ်ထားသည့် မြန်မာ့ကျောင်းသီချင်း၊ အနှေးလျှောက်၊ အမြန်လျှောက် သရုပ်ဖော်ပြကွက်အပါအဝင် စိတ်ကြိုက်သီချင်းများကို ၁၃ မိနစ်နှင့် ၁၅ မိနစ်အတွင်း ယှဉ်ပြိုင်ကြသည်။

 

အလားတူ ဗဟန်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ စမ်းချောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ လသာမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ သန်လျင်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ် လေ့ကျင့်ရေး အထက်တန်းကျောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ လသာမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဘင်ခရာအဖွဲ့များနှင့် ပန်းပွားအဖွဲ့များက သတ်မှတ်တေးသီချင်း၊ အနှေးလျှောက် အမြန်လျှောက်နှင့် စိတ်ကြိုက်တေးသီချင်းများဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။

 

ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများ၏ ဝတ်စားဆင်ယင်မှု၊ တူရိယာပစ္စည်းများ သန့်ရှင်းသပ်ရပ်မှု၊ ကိုင်ဆောင်မှုမှန်ကန်ခြင်း၊ အနှေးလျှောက်၊ အမြန်လျှောက် သရုပ်ဖော်ပြကွက်များ၊ ဆန်းသစ်တီထွင်မှု သရုပ်ဖော်ပြကွက်များ၊ ခေါက်တီးအုပ်စုစွမ်းရည် တီးခတ်မှု၊ ဧည့်ခံသီချင်းတီးမှုတ်ခြင်း၊ သတ်မှတ်သီချင်းတီးမှုတ်ခြင်း၊ ပြိုင်ပွဲဝင်ပြကွက်နှင့် သီချင်းကိုက်ညီမှုရှိ/မရှိ၊ သတ်မှတ်ချိန်နှင့် ကိုက်ညီမှုရှိ/မရှိများအပေါ် အကဲဖြတ်ဒိုင်များက အမှတ်ပေးဆုံးဖြတ်၍ ရွေးချယ်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲအား တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း (၁၁)ကျောင်းမှ ဘင်ခရာအဖွဲ့(၁၁)ဖွဲ့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ယနေ့တွင် (၉)ဖွဲ့ယှဉ်ပြိုင်ကြသည်။

 

ပြိုင်ပွဲတွင် ပထမဆုမှ ပဉ္စမဆုအထိ ဆုချီးမြှင့်၍ ကျန်အဖွဲ့(၆)ဖွဲ့ကို အထူးဆု၊ ကျိုင်းဆုများကို ပထမမှ ပဉ္စမဆုအထိ ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

 

ဆန်းကျော်ဦး(ပြန်/ဆက်)