နေပြည်တော် ဇန်နဝါရီ ၅

 

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ထမ်းမိသားစု အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲများကို ယမန်နေ့က နေပြည်တော် ရုံးအမှတ်(၁၅)၊ ရုံးအမှတ်(၄၃)နှင့် စိုက်ပျိုးရေး သိပ္ပံကျောင်း(ပျဉ်းမနား)တို့၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ ဌာနတာဝန်ရှိသူများ တက်ရောက်အားပေးကြပြီး ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ က ပျော်ရွှင်စွာပါဝင် ဆင်နွှဲခဲ့ကြသည်။

 

အားကစားပြိုင်ပွဲများတွင် ဖူဆယ်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ၊ အမျိုးသား အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ အမျိုးသား အမျိုးသမီး စားပွဲတင်တန်းနစ်ပြိုင်၊ အမျိုးသား အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ၊ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသမီး ထုပ်စည်းတိုးပြိုင်ပွဲများ စသည့် အားကစားနည်းများတွင် ဦးစီးဌာန နှင့် တက္ကသိုလ်များအလိုက် ကိုယ်စားပြုအသင်းများ ပါဝင်ယှဉ်ပြိုင်ကြသည်။

 

နိုင်ငံ့ဝန်ထမ်းများ ကိုယ်စိတ်အပန်းပြေစေရေး၊ ကျန်းမာပျော်ရွှင်ရေးနှင့် ဝန်ထမ်းထုအကြား စည်းလုံးညီညွတ်မှု ချစ်ခင်ရင်းနှီးမှုတိုးပွားရေးအတွက် ရည်ရွယ်၍ ဇန်နဝါရီ (၁)ရက်မှ (၃)ရက်အထိ ကျင်းပခဲ့သည့်  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာန ဝန်ထမ်းမိသားစု အားကစားပြိုင်ပွဲများ၌ အားကစားနည်းများအလိုက် ဆုရခဲ့ကြသည့် အားကစားဝါသနာရှင်များကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ငွေသားဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)