နေပြည်တော်၊ ဒီဇင်ဘာ ၂၁
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော် ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဒိအားကစားရုံ (B) ၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျက်ရှိရာ ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်တို့မှ ဆရာ ဆရာမများ ကျောင်းသား၊ လူငယ်များနှင့် ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက်လာရောက်လ့လာ ကြည့်ရှုကြသည်။
ယနေ့တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးဉီးစီးဌာန၏ လျှပ်စစ်သုံးယာဉ် စစ်ဆေးပြုပြင်ခြင်းနှင့် သင်ထောက်ကူပစ္စည်း ဆိုင်ရာပြခန်း၌ ပြင်ပမော်တော်ယာဉ် တစ်စီးအား လက်တွေ့ပြုပြင်ဆောင်ရွက်နေရသကဲ့ သို့ Quiz များ၊ Simulator များဖြင့် ပြသသင်ကြားပို့ချနေမှု ပြကွက်ကို ကျောင်းသား၊ လူငယ်များ အထူးစိတ်ဝင်တစား ကြည့်ရှုကြပြီး ပြခန်းတာဝန်ရှိသူများကလည်း လျှပ်စစ်သုံးယာဉ်ဆိုင်ရာ ပြစ်ချက်ရှာဖွေခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းပြောကြားပေးကြသည်။
ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံအတွင်းနေထိုင်သူ အသက် ၁၀ နှစ်အထက်ရှိ နိုင်ငံသားများအား စမတ်ကတ်များ ထုတ်ပေးနိုင်ရေးအတွက် ကိုယ်ရေးအချက်အလက်များ ကောက်ယူစိစစ်ပြီး ဂဏန်း ၁၀ လုံးပါဝင်သည့် UID နံပါတ်များ တစ်ချိန်တည်း ထုတ်ပေးခြင်းများကို ပြခန်းဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိရာ လာရောက်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများဖြင့်လည်း ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။
အလားတူ ယနေ့ခေတ်သည် အင်တာနက်ကိုအသုံးပြု၍ ကမ္ဘာတစ်ဝန်းချိတ်ဆက် ဆောင်ရွက်နေရသည့် နည်းပညာခေတ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် မိမိတို့၏ သတင်းအချက်အလက်များ လုံခြုံစေရေးအတွက် ဆိုင်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးပြခန်းကို ဖွင့်လှစ်ထားရှိပြီး အင်တာနက်သုံးစွဲရာတွင် လိုက်နာရမည့် ကျင့်ဝတ်များ၊ စမတ်ဖုန်းလုံခြုံရေးနှင့် ကြိုးမဲ့ ကွန်ရက်လုံခြုံရေး ဆိုင်ရာပြကွက်များကို လက်တွေ့သင်ထောက်ကူပစ္စည်းများဖြင့် ရှင်းလင်းပြသပေးရာ နည်းပညာကို စိတ်ဝင်စားကြသည့် ကျောင်းသား၊ လူငယ်များကလည်း မိမိတို့ သိရှိလိုသည်များကို ကဏ္ဍများအလိုက် အလှည့်ကျ မေးမြန်းကြသည်။
ထို့နောက် ရေကြောင်း၊ လေကြောင်းနှင့် မြန်မာ့မီးရထားဆိုင်ရာပြခန်း၊ ရွေ့လျားသိပ္ပံနှင့် နည်းပညာပြခန်း၊ နည်းပညာတက္ကသိုလ်များ၏ ကဏ္ဍအလိုက် ဆန်းသစ်တီထွင်မှု ပြခန်း၊ အားကစားနှင့် လူငယ်ရေးရာပြခန်းနှင့် E-Sports ပြခန်းတို့တွင်လည်း စိတ်ဝင်စားဖွယ်ရာ ပြကွင်းပြကွက်များဖြင့် ခင်းကျင်းပြသထားရှိရာ လာရောက် လေ့လာကြည့်ရှုကြသည့် ပွဲတော်လာပြည်သူများဖြင့် စည်ကားခဲ့သည်။
ထို့ပြင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပြခန်းတွင်လည်း မြန်မာ့ရိုးရာ ရုပ်သေးရုပ်အသုံးပြုကာ လှပငြိမ့်ညောင်းလှသည့် ကကြိုးကကွက်များဖြင့် ရုပ်သေးကြိုးဆွဲ အကဖျော်ဖြေမှုနှင့် ကျွမ်းကျင်သေသပ်လှပသည့် ပန်းချီပညာရပ်ဖြင့် ပုံတူပန်းချီများ ရေးဆွဲပေးမှုကြောင့်လည်း ပွဲတော်လာ ပြည်သူများ၏ စိတ်ဝင်စားမှုကို အထူးရရှိ ခဲ့သည်။
အလားတူ စာအုပ်စာပေများဖတ်ရှု၍ အသိပညာ၊ အတတ်ပညာ ဗဟုသုတများရယူရန် စိတ်အားထက်သန်ကြသည့် ကျောင်းသားကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြဝတီစာပေတိုက်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းသက်သာ စာအုပ်အရောင်းဆိုင်တို့မှ စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်ထားပြီး စာပေဆုရစာအုပ်များ၊ ရသစာအုပ်များ၊ ဘဝအောင်မြင်ရေး စာအုပ်များ၊ ကျန်းမာရေး ကဏ္ဍစာအုပ်များ၊ ပညာရပ်ဆိုင်ရာ စာအုပ်များ၊ ဘာသာပြန် စာအုပ်များ၊ အနုပညာ စာအုပ်များ၊ ဆောင်းပါးများ၊ ရုပ်ပြစာအုပ်များ၊ စီးပွားရေးစီမံခန့်ခွဲမှု စာအုပ်များနှင့် သမိုင်းစာအုပ်များ ခင်းကျင်းပြသ ရောင်းချလျက်ရှိရာ စာပေဗဟုသုတများနှင့် စာပေ အသိဉာဏ်များစွာ ရရှိစေသည့်အတွက် စာပေချစ်သူများဖြင့် စည်ကားလျက်ရှိသည်။
ပွဲတော်အတွင်း၌လည်း (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြပွဲနှင့် ၂၀ ရာစု မြန်မာစာရေးဆရာ၊ ဆရာမကြီးတို့၏ ဓာတ်ပုံများ၊ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ တန်ခိုးကြီးဘုရားစေတီများ၊ သဘာဝအလှရှုခင်းများ၊ ရိုးရာဓလေ့ပွဲတော်များနှင့် အထင်ကရ နေရာများ၏ မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားရှိရာ ဓာတ်ပုံအနုပညာကို ချစ်မြတ်နိုးကြသည့် ပညာရှင်များနှင့် ဝါသနာရှင်များကလည်း စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာကြသည်။
ထိုသို့ အသိပညာဗဟုသုတရရှိစေမည့် အစီအစဉ်ကောင်းများအပြင် စိတ်ပျော်ရွှင်ချမ်းမြေ့စေမည့် ဖျော်ဖြေရေး အစီအစဉ်များအဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် မြဝတီရုပ်မြင်သံကြားတို့မှ ဝန်ထမ်းများနှင့် နိုင်ငံကျော် အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများကြောင့်လည်း ပြပွဲကြီးကို ပိုမိုအသက်ဝင်စေခဲ့ကာ ပြပွဲလာရောက်ကြသူများက စိတ်အားထက်သန်စွာ ကြည့်ရှုအားပေးကြသည်။
ထို့ပြင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ စိတ်ဝင်စားဖွယ် အစီအစဉ်တစ်ခုအဖြစ် ပြည်သူများတီဗီ ဖန်သားပြင်မှသာ တွေ့မြင်နိုင်သည့် သတင်းစတူဒီယိုအတွင်း သတင်းကြေညာသည့်ပုံစံများကို ပြပွဲသို့ လာရောက်လေ့လာကြသူများ ကိုယ်တိုင်ဝင်ရောက် သတင်းကြေညာဟန် သရုပ်ဆောင်နိုင်ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည့်အတွက် လူကြိုက်များသည့် ပြခန်းတစ်ခုလည်း ဖြစ်ခဲ့သည်။
ထို့ပြင် နေပြည်တော် ရဲတပ်ဖွဲ့မှ မှုခင်းပညာပေးပြခန်းယာဉ်ကို အသိပညာပေးပြသထားပြီး လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းဖော်ထုတ်နိုင်မှုများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းနှင့် စွမ်းရည်တိုးတက်မြင့်မားရေး ဆောင်ရွက်မှုများ၊ ယာဉ်ထိန်းလုပ်ငန်း ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ကာတွန်းပုံများ၊ လောင်းကစား ပြစ်မှုပြစ်ဒဏ်များ၊ သိသင့်သိထိုက်သော ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များကိုပြသထားရာ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြသည်။
ထို့ပြင် လူငယ်နှင့်စာပေအနုပညာပွဲတော်သို့ လာရောက်ကြသည့် ကလေးများအတွက် စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ အိမ်တည်ဆောက်မှုပြိုင်ပွဲများ၊ စုပေါင်းယှဉ်ပြိုင်ရသည့် ဂိမ်းကစားနည်း ပြိုင်ပွဲများနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပပေးလျက်ရှိသည်။
ပွဲတော်သို့လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် မိဘပြည်သူများအနေဖြင့် စိတ်ဝင်စားဖွယ်ရာ ပြသထားသည့် အစီအစဉ်များကို လှည့်လည်ကြည့်ရှုလေ့လာရင်း တိုင်းရင်းသားများ၏ ရိုးရာအစားအသောက်များအား ချစ်ခင်နှစ်သက်မြတ်နိုးစွာဖြင့် အလွယ်တကူ စားသုံးနိုင်ရန်အတွက်လည်း တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်များကို ဈေးနှုန်းချိုသာစွာဖြင့် ဖွင့်လှစ်ရောင်းချပေးခဲ့ရာ အစားအသောက်များ ပြတ်လပ်သည့်အထိ လာရောက်စားသုံးဝယ်ယူသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျှက်ရှိသည်။
ထို့ပြင် ပွဲတော်သို့ လာရောက်ကြသူများ တစ်စုံတစ်ရာ ကျန်းမာရေးချို့ယွင်းမှုဖြစ်ပေါ်ပါကလည်း အရေးအပေါ် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက်လည်း လုံခြုံရေး အစီအမံများကိုလည်းစနစ်တကျ ဆောင်ရွက်ထားသည်။
ယနေ့ကျင်းပသည့် လူငယ်နှင့်စာပေအနုပညာ ပွဲတော် ဒုတိယနေ့သို့ ကျောင်းသား ကျောင်းသူများအပါအဝင် ပြည်သူ ၁၀၀၀၀ ကျော် စိတ်ပါဝင်စားစွာဖြင့် လာရောက်ပါဝင် ဆင်နွှဲခဲ့ကြပြီး စာအုပ်စာစောင် အရောင်းဆိုင်များတွင် ငွေကျပ် ၂၇ သိန်းကျော်နှင့် တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်များတွင်လည်း ငွေကျပ်သိန်း ၁၄၀ ကျော် ရောင်းချခဲ့ရကြောင်းနှင့် ဒီဇင်ဘာ ၂၂ ရက်တွင်လည်း စည်ကားသိုက်မြိုက်စွာ ဆက်လက် ကျင်းပပေးသွားမည် ဖြစ်သည့်အတွက် မည်သူမဆို အခမဲ့လာရောက်လေ့လာနိုင်ကြောင်း သိရသည်။
လူငယ်နှင့်စာပေအနုပညာပွဲတော်ကို နိုင်ငံသားတိုင်းက အထွဋ်အမြတ်ထားရသည့် လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများကို သိရှိစေရန်၊ လူငယ်များအတွင်း နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာစေရန်၊ စာပေနှင့်အနုပညာ စွမ်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး မှန်ကန်သည့် အတွေးအခေါ် အယူအဆများနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။
သတင်း - သန်းမင်းအောင်၊ အောင်ရဲသွင်
ဓာတ်ပုံ -ကိုကြီးထိန်၊ ဖိုးပြည့်စုံ