နေပြည်တော် ဒီဇင်ဘာ ၂၂

 

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော် တတိယနေ့ကို ယနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဒိအားကစားရုံ(B)၌ စည်ကားသိုက်မြိုက်စွာ ဆက်လက် ကျင်းပလျက်ရှိရာ ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိက ကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်တို့မှ ဆရာ ဆရာမများ ကျောင်းသား၊ လူငယ်များနှင့် ပြည်သူများ စိတ်ပါဝင်စားစွာဖြင့်တစ်ခဲနက် လာရောက်လေ့လာကြည့်ရှုကြသည်။

 

ယနေ့သည် ပွဲတော်နောက်ဆုံးရက်ဖြစ်သည့်အတွက် ဝန်ကြီးဌာနအလိုက် စိတ်ဝင်စားဖွယ်ရာ ပြသထားသည့် ပြခန်းများ  အားလုံးတွင် အနယ်နယ်အရပ်ရပ်မှ စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြသူများဖြင့် အထူး စည်ကားလျက်ရှိသည့်အပြင် တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်များတွင်လည်း ရိုးရာအစားအသောက် များအား စိတ်အားထက်သန်စွာ လာရောက်မြည်းစမ်းကြသူများဖြင့်လည်း ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိ သည်။

 

ပြန်ကြားရေးဝန်ကြီးဌာန၏ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပြခန်း၌လည်း “အသံအလှူကုသိုလ်ယူ” ဆောင်ပုဒ်ဖြင့် မျက်မမြင်သင်တန်းကျောင်းများမှ အမြင်အာရုံ ချို့တဲ့သူများ စိတ်ဓာတ်ခွန်အားမြင့်တက်စေရန် အတွက် ဗဟုသုတဖြစ်ထွန်းစေမည့် စာအုပ်၊ စာပေမျိုးစုံကို ဖတ်ကြားအသံသွင်း၍ အသံဖြင့်ကုသိုလ်ယူ လှူဒါန်းနိုင်ရန်             စီစဉ်ဆောင်ရွက်ထားရှိရာ ပွဲတော်ကျင်းပခဲ့သည့် ၃ ရက်တာကာလအတွင်း နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူ စုစုပေါင်း ၂၂၇ ဉီးတို့က စာအုပ်ပေါင်း ၅၆ အုပ်ကိုဖတ်ကြားပြီး  အသံကုသိုလ်အဖြစ် ပါဝင်လှူဒါန်းခဲ့ကြကြောင်း  သိရှိရသည်။

 

ယင်းပြခန်း၌ပင် ပြည်သူများတီဗီ ဖန်သားပြင်မှသာ တွေ့မြင်နိုင်သည့် သတင်းစတူဒီယိုအတွင်း သတင်း ကြေညာသည့် ပုံစံများကို ပြပွဲသို့လာရောက်လေ့လာကြသူများ ကိုယ်တိုင်ဝင်ရောက် သတင်းကြေညာဟန် သရုပ်ဆောင်နိုင်ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည့်အတွက် လူကြိုက် များသည့် ပြခန်းတစ်ခုလည်းဖြစ်ခဲ့သည်။

 

ထို့ပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏  ရေကြောင်းပြခန်းတွင် ရေယာဉ်မောင်းနှင်မှု သရုပ်ပြကွက်၊ သင်္ဘောModel ပုံစံငယ်များပြကွက်၊ ရေယာဉ်တည်ဆောက်သည့် အချိန်တွင် အသုံးပြုသည့် ဂဟေဆက်ခြင်းသရုပ်ပြကွက်၊ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်ကျောင်းပုံစံငယ်ပြကွက်၊ လေကြောင်း ပြခန်းတွင် စိတ်ဝင်စားဖွယ်ရာ လေယာဉ်ပုံစံငယ်များပြကွက်၊ မြန်မာ့မီးရထားပြခန်းတွင် ရန်ကုန်မြို့ပတ် ရထားလမ်းပြေးဆွဲမှု ပုံစံငယ်ပြကွက်နှင့် ရထားပုံစံအမျိုးမျိုးတို့ကို ပြကွက်မျိုးစုံဖြင့် ခင်းကျင်းပြသထားရာ  ရေကြောင်းနှင့် လေကြောင်း ပညာရပ်တို့ကို စိတ်ဝင်စားကြသည့် ကျောင်းသားလူငယ်များအတွက် စိတ်အား ထက်သန်ဖွယ်ရာ ပြကွင်းပြကွက်များဖြစ်ခဲ့ပြီး လာရောက်လေ့လာကြသူများဖြင့်တစ်ခဲနက် စည်ကားခဲ့သည်။

 

အလားတူ ဝန်ကြီးဌာနအလိုက် စိတ်ဝင်စားဖွယ်ရာ စီစဉ်ပြုလုပ်ထားသည့် ကစားနည်းများနှင့် ဉာဏ်ရည် ဉာဏ်သွေး၊ အသိပညာဗဟုသုတများနှင့် ပေါင်းစပ်ဖြေဆိုရသည် ဉာဏ်စမ်းပဟေဠိ ကစားနည်းများတွင်လည်း လာရောက်ပါဝင်ဖြေဆိုကြသည့် ကျောင်းသား၊ လူငယ်များဖြင့် အထူးစည်ကားလျက်ရှိသည့်အပြင် ကစားနည်းများနှင့် ပဟေဠိမေးခွန်းများကို ဖြေဆိုအောင်မြင်ကြသူများကိုလည်း အမှတ်တရလက်ဆောင်များ ပြန်လည်ချီးမြှင့်သည့် အစီအစဉ်ကြောင့်လည်း ပိုမိုပျော်ရွှင်ဖွယ်ရာဖြစ်စေခဲ့သည်။

 

ပညာရေးဝန်ကြီးဌာန၏ ဆရာအတတ်ပညာရေးပြခန်း၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးပြခန်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးပြခန်း၊  မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားပြခန်း၊ အဆင့်မြင့် ပညာနှင့် အခြေခံပညာပြခန်းတို့တွင် ပညာရေးနှင့်ပတ်သက်သည့် ဗဟုသုတစာပေများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဂေဟစနစ်ဆိုင်ရာ ပြကွက်များ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒ ဘာသာရပ်များဆိုင်ရာ လက်တွေ့စမ်းသပ် ဆောင်ရွက်နေမှုများကို စာတွေ့၊ လက်တွေ့ ရှင်းလင်းဆောင်ရွက်ပေးခဲ့ရာ စိတ်ဝင်တစား လာရောက်လေ့လာကြသည့် အခြေခံပညာအထက်တန်းကျောင်းနှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများဖြင့် အထူးစည်ကားခဲ့သည်။

 

 လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့်လည်း ပွဲတော်လာ အသက် ၁၀ နှစ်အထက်ရှိ နိုင်ငံသားများအား စမတ်ကတ်များထုတ်ပေးနိုင်ရေးအတွက် ကိုယ်ရေးအချက်အလက်များ ကောက်ယူ စိစစ်ပြီးဂဏန်း ၁၀လုံးပါဝင်သည့် UID နံပါတ်များ တစ်ချိန်တည်းထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိရာ လာရောက်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများဖြင့်ကြိတ်ကြိတ်တိုး စည်ကားလျက် ရှိသည်။

 

ဆိုင်ဘာလုံခြုံရေးပြခန်းတွင်လည်း ဆိုင်ဘာလုံခြုံရေးနှင့်ပတ်သက်သည့် အသိပညာပေး ပိုစတာများပြသခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ဆိုင်ဘာလုံခြုံရေးနှင့်ပတ်သက်သည့် အခြေခံပညာ၊ တက္ကသိုလ်နှင့် ပညာရှင်အဆင့် ဉာဏ်စမ်းပဟေဠိ မေးခွန်းများကို ဖြေဆိုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားခြင်း တို့ကြောင့် လည်း စိတ်ဝင်စားဖွယ်ရာပြခန်းတစ်ခုဖြစ်ခဲ့သည်။

 

မွန်းလွဲပိုင်းတွင် “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး”ခေါင်းစဉ်ဖြင့် လူငယ်စကား ဝိုင်းဆွေးနွေးပွဲကို ပြုလုပ် ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များ တက်ကြွစွာ ပါဝင် ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် MRTV – 4 ရုပ်သံလိုင်းမှ အစီအစဉ်တင်ဆက်သူများနှင့် ဇာတ် လမ်းတွဲသရုပ်ဆောင် များက ဉီးဆောင်၍ လူငယ်နှင့် စာပေ၊ အနုပညာဆက်စပ်မှုရှိပုံ၊ အသက် အရွယ်အပိုင်းအခြားအလိုက် စာပေ လေ့လာဖတ်ရှုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ လူငယ်ဘဝမှစတင်၍ လူတိုင်းအပေါ်တွင် စိတ်ကောင်း စေတနာကောင်းအရင်းခံကာ  ပေါင်းသင်းဆက်ဆံပါက အောင်မြင်မှုရရှိနိုင်မည့် နည်းလမ်းများ၊ လူငယ်ဘဝ တွင် နေထိုင်ပြုမူရမည့် အမူအကျင့်များနှင့် တွေ့ကြုံရမည့်အခက်အခဲများ၊ ဝါသနာပါရာ အတတ်ပညာ တစ်ခုခုကို တစိုက်မတ်မတ် ဇွဲရှိရှိကြိုးစားပါက ထူးချွန်သည့် လူတော်၊ လူကောင်းများဖြစ်လာနိုင်ကြောင်း တို့ကို ဆွေးနွေးပြောကြားခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊လူငယ်များကလည်း မိမိတို့ သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်းဆွေးနွေးခဲ့ကြသည်။

 

 ဆွေးနွေးပွဲ အပြီးတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးရဲတင့်က လူငယ်စကားဝိုင်းများတွင် ဉီးဆောင်ပါဝင်ဆွေးနွေးခဲ့ကြသည့် MRTV–4 ရုပ်သံလိုင်းမှ အစီအစဉ်တင်ဆက်သူများနှင့် ဇာတ်လမ်းတွဲ သရုပ်ဆောင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

 

ထိုပြင်ပွဲတော်အတွင်း၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ” ရောင်စုံ ဓာတ်ပုံပြပွဲနှင့် ၂၀ ရာစု မြန်မာစာရေးဆရာ၊ ဆရာမကြီးတို့၏ ဓာတ်ပုံများ၊ တိုင်းဒေသကြီး/ ပြည်နယ် များအတွင်းရှိ တန်ခိုးကြီးဘုရားစေတီများ၊ သဘာဝအလှရှုခင်းများ၊ ရိုးရာဓလေ့ပွဲတော်များနှင့် အထင်ကရ နေရာများ၏ မှတ်တမ်းဓာတ်ပုံများခင်းကျင်းပြသထား ရှိရာဓာတ်ပုံအနုပညာကို ချစ်မြတ်နိုးကြသည့် ပညာရှင်များနှင့် ဝါသနာရှင်များကစိတ်ပါ ဝင်စား စွာဖြင့်ကြည့်ရှုလေ့လာကြသည်။

 

ထိုသို့ အသိပညာဗဟုသုတရရှိစေမည့် အစီအစဉ်ကောင်းများအပြင် စိတ်ပျော်ရွှင်ချမ်းမြေ့စေမည့် ဖျော်ဖြေရေး အစီအစဉ်များအဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ မြဝတီရုပ်မြင်သံကြား တို့မှ ဝန်ထမ်းများနှင့်နိုင်ငံကျော် အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများကြောင့်လည်း ပြပွဲကြီးကို ပိုမိုအသက်ဝင် စေခဲ့ကာပြပွဲလာရောက် ကြသူများကလည်း စိတ်လက်ပေါ့ပါးစွာ ကြည့်ရှုအားပေးကြသည်။

 

ပွဲတော်သို့လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် မိဘပြည်သူများအနေဖြင့် စိတ်ဝင်စားဖွယ်ရာ ပြသထားသည့်အစီအစဉ်များကို လှည့်လည်ကြည့်ရှုလေ့လာရင်း အမောပြေ တိုင်းရင်းသားများ၏ ရိုးရာအစားအသောက်များအား နှစ်သက်စွာဖြင့် အလွယ်တကူစားသုံးနိုင်ရန်အတွက် တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်များကို ဈေးနှုန်းချိုသာစွာဖြင့် ဖွင့်လှစ်ရောင်းချပေးခဲ့ရာ အစားအသောက် များပြတ်လပ်သည့်အထိ လာရောက်စားသုံးဝယ်ယူသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျှက်ရှိသည်။

 

ထို့ပြင် ပွဲတော်သို့ လာရောက်ကြသူများ တစ်စုံတစ်ရာ ကျန်းမာရေးချို့ယွင်းမှုဖြစ်ပေါ်ပါကလည်း အရေးအပေါ် ကျန်းမာရေးစောင့် ရှောက်မှုအစီအစဉ်များနှင့် ပြည်သူများအေးချမ်း ပျော်ရွှင်စွာဆင်နွှဲနိုင်ရေး အတွက်လည်း လုံခြုံရေးအစီအမံများကိုလည်း စနစ်တကျ ဆောင်ရွက်ထားသည်။

 

ညနေပိုင်းတွင် ပွဲတော်အခမ်းအနား အောင်မြင်စွာကျင်းပပြီးစီးမှု အထိမ်းအမှတ်အဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များ၏ “မနောမြေမှတေးသံသာ “သီချင်းဖြင့် မြူးမြူးကြွကြွသီဆိုဖျော်ဖြေမှုများ နှင့်အတူ တိုင်းရင်းသား အကအဖွဲ့များ၊ ပွဲတော်လာ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ တပျော်တပါး စုပေါင်းကပြဆင်နွှဲမှုများကြောင့်လည်း မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ပျော်ရွှင်ဖွယ်ရာ ပွဲတော်ကြီးအဖြစ် ကျင်းပ ပြီးစီးခဲ့သည်။

 

လူငယ်နှင့်စာပေအနုပညာပွဲတော် ကျင်းပပေးခဲ့သည့်(၃) ရက်တာကာလအတွင်း နိုင်ငံသားတိုင်းက အထွဋ်အမြတ်ထားရသည့် လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ လူငယ်များ အတွက် နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဓာတ်များမြင့်မားလာစေ မည့်အကြောင်းအရာများ၊ စာပေနှင့် အနုပညာ စွမ်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး မှန်ကန်သည့် အတွေးအခေါ်အယူအဆများနှင့် နိုင်ငံ တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်လာနိုင်စေမည့် အကြောင်းအရာများကို စာတွေ့လက်တွေ့ ပြသပေးနိုင်ခဲ့သည့်အတွက် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် အနာဂတ် နိုင်ငံ့ခေါင်း ဆောင် ကျောင်းသားလူငယ်များ အသိအမြင်ဗဟုသုတကြွယ်ဝစေရန် ဆည်းပူးလေ့လာ နိုင်ခဲ့သည့် ပွဲတော်ကြီးတစ်ခုလည်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း - အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ -ကိုကိုအေး၊ ဖိုးပြည့်စုံ