နတ်မောက် ဒီဇင်ဘာ ၂၉
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်တွင် နဒီလမ်းကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်းက နဒီလမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပေးမှုအပေါ် ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြောကြာသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်စိုး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မောင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်းတို့က နဒီလမ်းကွန်ကရစ် လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အဆိုပါကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးဘတ်ဂျက် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၁၁၃၈ ပေ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ၇၇၀ ပေနှင့် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၁၂၁၀ ပေ စုစုပေါင်း ၃၁၁၈ ပေကို ဘဏ္ဍာရေးနှစ်အလိုက်ရရှိသည့် ရန်ပုံငွေပေါ်တွင်မူတည်၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နဒီလမ်းခင်းရာတွင် လမ်းနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သည့် တံတား(၁၃)စင်းနှင့် ရေမြောင်း ပေ ၂၉၈၇ ပေတို့ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်လည်း နဒီလမ်းနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သော လမ်းများနှင့် အုတ်ရေမြောင်းများကို ဆက်လက်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်းထံမှ သိရသည်။
လှဝင်း