လပွတ္တာ ဒီဇင်ဘာ ၂၁

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျောက်မှော်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။

ဦးစွာ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်နိုင်မိုးက ရွာသစ်ကျေးရွာတွင် ကွန်ကရစ်လမ်း ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားကာ ကျေးရွာရှိ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ကျေးရွာကွန်ကရစ်လမ်း မုခ်ဦးဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုကြသည်။

ရွာသစ်ကျေးရွာရှိ အဆိုပါကွန်ကရစ်လမ်းသည် အရှည် ၁၁၁၀ ပေ၊ အကျယ် ၆ ပေ၊ ထု ၆ လက်မ ရှိပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ပံ့ပိုးရန်ပုံငွေကျပ် (၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် (၃)သန်း စုစုပေါင်း ငွေကျပ် (၁၈)သန်းကို အသုံးပြုကာ ခရိုင်/မြို့နယ် ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း လပွတ္တာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်နိုင်မိုးထံမှ သိရသည်။

မောင်ခိုင်