နေပြည်တော်၊ ဒီဇင်ဘာ ၁၈

 

၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမောင်မောင်အုန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးတင်ဉီးလွင်၊  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဉီးသန်းထွန်းဉီး၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးရဲတင့်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန် ဉီးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အကဲဖြတ်ဒိုင်အဖွဲ့များ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ  တက်ရောက်ကြသည်။

 

ရှေးဉီးစွာ ပြည်ထောင်စုဝန်ကြီး ဉီးမောင်မောင်အုန်းက လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြိုင်ပွဲကို  နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှုများ၊ အေးချမ်းတည် ငြိမ်မှုများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုများနှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့် သင်္ကေတ၊ နေရာဒေသများနှင့်  လူပုဂ္ဂိုလ်များစသည့် လွတ်လပ်ရေး၏ အနှစ်သာရတို့ကို ပေါ်လွင်စွာ ဖော်ညွှန်း ရိုက်ကူးထားသည့် ဓာတ်ပုံများဖြင့် ယှဉ်ပြိုင်စေခြင်းဖြစ်ပါကြောင်း၊ ယခုနှစ် ရောင်စုံဓာတ်ပုံပြိုင်ပွဲကို မြန်မာနိုင်ငံအရပ်ရပ်မှ ဓာတ်ပုံပညာရှင်များနှင့် ဝါသနာရှင် ၁၇၅ ဉီးက ဓာတ်ပုံပေါင်း ၆၈၈ ပုံ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့် အထိမ်းအမှတ်အနေဖြင့် ပို့စကတ်များ၊ သဝဏ်လွှာကတ်များကို ထုတ်ဝေသည့်အခါ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ အံဖွယ် ကောင်းသည့် အလှအပရှုခင်းများ၊ တိုင်းရင်းသားရိုးရာ အလှအပများ၊ ယဉ်ကျေးမှုအမွေ အနှစ်များကို ဓာတ်ပုံပညာရှင်များ၊ ဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင်ရိုက်ကူးသည့် ဓာတ်ပုံများကို အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ ပြိုင်ပွဲများ ပြုလုပ်ခြင်း ဖြစ်ပါကြောင်း။

 

ထို့အပြင် ယခုပြိုင်ပွဲတွင် မျိုးဆက်သစ် လူငယ်များလည်း ဝင်ရောက်ယှဉ်ပြိုင်လာကြသည့်အတွက် အထူးပင် ဝမ်းမြောက်မိပါကြောင်း၊ ရောင်စုံဓာတ်ပုံပြိုင်ပွဲ ကျင်းပခြင်းသည် မျိုးဆက်သစ် လူငယ်ဓာတ်ပုံပညာရှင်များ ပေါ်ထွက်လာစေရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုသည့် ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်ဓာတ်ပုံများကို အကဲဖြတ်ပေးကြသည့် ပညာရှင်ကြီးများက ဓာတ်ပုံတစ်ပုံ၏ ရိုက်ကွင်းရိုက်ကွက်၊ အယူအဆ၊ အလင်းအမှောင်၊ ဖော်ညွှန်းသည့် အကြောင်းအရာ၊ ဓာတ်ပုံကောင်းတစ်ပုံချင်းစီ၏ အင်္ဂါရပ်များနှင့်အညီ အကြိမ်ကြိမ် စိစစ်အကဲဖြတ်ပြီး ဆုရဓာတ်ပုံများအဖြစ် ရွေးချယ်သတ်မှတ် ပေးခဲ့ကြပါကြောင်း၊ ပြိုင်ပွဲဝင်ဓာတ်ပုံများသည် ဆန်းသစ်သည့် အနုပညာဖန်တီးမှုများနှင့်အတူ တွေ့မြင်ရပြီး ယခုကဲ့သို့ဆုများ ချီးမြှင့်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဓာတ်ပုံများမှတစ်ဆင့် ပြည်သူလူထုအတွင်း မိမိတို့နိုင်ငံအပေါ် တန်ဖိုးထားဂုဏ်ယူစိတ်များ၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို လေးစားတန်ဖိုးထားစိတ်များ စိမ့်ဝင်ပျံ့နှံ့လာလိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ထို့နောက်  ဆုရွေးချယ်စိစစ်ရေး ဒိုင်အဖွဲ့ဉက္ကဋ္ဌ ဒါရိုက်တာပန်းချီစိုးမိုးက  ဆုများရွေး ချယ်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဉီးသန်းထွန်းဉီးက “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင်  အထူးဆု (၅) ရရှိသည့်   ဉီးမောင်မောင်လွင်ထိုက် နှင့် အထူးဆု (၄) ရရှိသည့် ဉီးကျော်မျိုးသီဟတို့အတွက် ဆုများပေးအပ်ချီးမြှင့်ပြီး ပြည်ထောင်စုဝန်ကြီး ဉီးမင်းသိန်းဇံက အထူးဆု (၃) ရရှိသည့် ဉီးအောင်မင်း နှင့် အထူးဆု (၂) ရရှိသည့် ဉီးထွန်းထွန်းဝင်း တို့အတွက်  ဆုများပေး အပ်ချီးမြှင့်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဉီးတင်ဉီးလွင်က အထူးဆု (၁) ရရှိသည့် ဉီးမိုးဟိန်းထွန်းနှင့် တတိယဆု ရရှိသည့် ဉီးဇော်မြင့်နိုင်တို့အတွက် ဆုများပေး အပ်ချီးမြှင့်သည်။

 

 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဉီးမောင်မောင်အုန်းက ဒုတိယဆုရရှိသည့် ဉီးသန်းနိုင်ဉီး (ငဖဲ)နှင့် ပထမဆုရရှိသည့်  ဉီးဝင်းတိုးတို့အတွက်  ဆုများပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ဆုရရှိသူများကိုယ်စား ပထမဆုရရှိသည့် ဉီးဝင်းတိုးက ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဉက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသည့် ဓာတ်ပုံများနှင့် ခင်းကျင်းပြသထားသော ဓာတ်ပုံများကို  လှည့်လည်ကြည့်ရှုကြသည်။

 

သတင်းစဉ်