နေပြည်တော် ဇန်နဝါရီ ၄
၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မြို့တော်ခန်းမ ရှေ့ရင်ပြင်၌ ကျင်းပသည်။
အနှစ်သာရပြည့်ဝစွာ ကျင်းပ
အခမ်းအနားကို ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့သည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံး အမျိုးသားရေး ရည်မှန်းချက်၊ အမျိုးသားရေးတာဝန် ဖြစ်သည့်အတွက် နိုင်ငံသားအားလုံးက ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရန် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရေး၊ လွတ်လပ်မှုနှင့် တရားမျှတမှုကို ဥပဒေစည်းမျဉ်းစည်းကမ်းများ နှင့်အညီ ရယူအသုံးချပြီး စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို အပြည့်အဝ အကောင်အထည်ဖော်ရေး၊ ဒေသ အလိုက် သဘာဝထွက်ကုန် များကို အခြေခံကာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များကို အားပေးမြှင့်တင်၍ အခြားစီးပွား ရေးကဏ္ဍများကိုလည်း တိုးတက်အောင် ဆောင်ရွက်ရေး ဟူသည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ အနှစ်သာရ ပြည့်ဝစွာ ကျင်းပခြင်းဖြစ်သည်။
ဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနားကို ကျင်းပရာ အလံတင်တပ်စုက တိုင်းရင်းသား တိုင်းရင်းသူများ ခြံရံ၍ နိုင်ငံတော်အလံကို လွှင့်တင်သည်။
ထို့နောက် နံနက် ၆ နာရီတွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာန ဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ တိုင်းရင်းသား တိုင်းရင်းသူများ၊ မိဘပြည်သူများသည် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပမည့် မြို့တော် ခန်းမရှေ့ရင်ပြင်သို့ ဝင်ရောက် နေရာယူကြသည်။
ယင်းနောက် နံနက် ၇ နာရီတွင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကို ကျင်းပရာ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမရှေ့ ရင်ပြင်သို့ ချီတက်နေရာယူကြသည်။
ဆက်လက်၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော် ဝန်ကြီးချုပ် ဇေယျကျော်ထင် သရေစည်သူ ဦးညိုစောက အလေးပြုခံစင်မြင့်သို့ ရောက်ရှိပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဇေယျကျော်ထင် သရေစည်သူ ဦးညိုစောနှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများသည် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အလံကို အလေးပြုကြသည်။ ယင်းနောက် ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြု၍ သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆိုကြသည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ် ဇေယျကျော်ထင် သရေစည်သူ ဦးညိုစောက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
ရုပ်သိမ်း
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဇေယျကျော်ထင် သရေစည်သူ ဦးညိုစောသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


