မုံရွာ ဒီဇင်ဘာ ၂၉
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခင်နှစ် အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်၍ ယခုနှစ်တွင် ပိုမိုစည်ကား သိုက်မြိုက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပရာတွင် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့် မြို့နေပြည်သူများ စည်းလုံးပျော်ရွှင်စွာ ကစားနိုင်သည့် အားကစားနည်းများကို ထည့်သွင်းကျင်းပသွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှုနှင့် လုပ်ငန်းများ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများက လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကိုလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ဌာနအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ဆွေးနွေးအကြံပြုတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


