နေပြည်တော် ဇန်နဝါရီ ၄

 

ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ယနေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရန်နှင့် လူမှုရေးအရ ငဲ့ညှာထောက်ထား ပြီးနိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှု၍ ၂ဝ၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက် နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများ အက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေ ပုဒ်မ ၁၉(စ)အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) (ယာယီ)အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်) အက်ဥပဒေအရပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ် လက်နက်အမိန့်အရပြစ်မှုများ၊ ၂ဝ၂၃ ခုနှစ် လက်နက် ဥပဒေအရပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရပြစ်မှုများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူများကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်အားလည်းကောင်း၊ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူ ၆၁၃၄ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရသည်။

 

နိုင်ငံတော်အနေဖြင့် ပြစ်မှုကျူးလွန်ခဲ့သည့် အကျဉ်းသား အကျဉ်းသူများကို ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများအရ အကျဉ်းထောင်အတွင်း ပြစ်ဒဏ်များချမှတ်ခဲ့သော်လည်း အကျဉ်းထောင်နှင့် အကျဉ်း စခန်းများအတွင်း လူမှုရေး၊ ကျန်းမာရေးဆိုင်ရာများနှင့် အခြားရသင့်သည့် လူ့အခွင့်အရေး စံချိန် စံညွှန်းများနှင့်အညီ ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်ပေးထားပြီး ယခုပြန်လည် လွတ်မြောက် လာသည့်အချိန်တွင် မိဘဆွေမျိုးများက ဝမ်းပန်းတသာဖြင့် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်