နေပြည်တော်  ၂၂   သြဂုတ် 

(၇)ကြိမ်မြောက် ငွေကျပ် ၁၀ဝ၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို စက်တင်ဘာ ၁ ရက် တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းထောင့် အမှတ်(၃၈၄) အောင်ဘာလေသိန်းဆုဌာနခွဲ ထီဖွင့်ပွဲခန်းမဆောင်၌ နံနက် ၈ နာရီမှ စတင်၍ တစ်ရက်တည်းအပြီး ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။


အဆိုပါ ထီဖွင့်ပွဲတွင် “က” အက္ခရာမှ “အ” အက္ခရာအထိနှင့် “ကက” အက္ခရာမှ “ကဃ” အက္ခရာအထိ စုစုပေါင်း အက္ခရာလုံးရေ ၃၇ လုံး၊ ထီစာအုပ်ပေါင်း ၃၀၂၇၂၆၆ အုပ်ကို ထီထိုးသူများကံစမ်းနိုင်ရန်ထုတ်ဝေရောင်းချခဲ့ရာ ကုန်စင်အောင် ရောင်းချခဲ့ရ သည့်အတွက် ထီလက်မှတ်စာအုပ်ရောင်းရငွေမှာ ငွေကျပ်သန်း ၃၀၂၇၂ ဒသမ ၆၆၀ ဖြစ်ပြီး ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းဖြစ်သည့် ထီဆုငွေအဖြစ်ခွဲဝေချီးမြှင့်ပေးမည့် ငွေမှာ ငွေကျပ် ၁၈၁၆၃ ဒသမ ၅၉၆ သန်း ဖြစ်ကြောင်းသိရသည်။

(၇)ကြိမ်မြောက် ငွေကျပ် ၁၀ဝ၀ တန်ထီဖွင့်ပွဲတွင် ထီဆုငွေအဖြစ် အထူးဆုကြီး စနစ်မှ ငွေကျပ်သိန်းတစ်သောင်းငါးထောင်(၁)ဆု၊ ငွေကျပ်သိန်းတစ်သောင်း(၁)ဆု၊ ငွေကျပ်သိန်းငါးထောင်(၂)ဆု၊ ငွေကျပ်သိန်းနှစ်ထောင်(၄)ဆု၊ ငွေကျပ်သိန်းတစ် ထောင်(၇)ဆု နှင့် ဆုတစ်ဆုချင်းစနစ်မှ ငွေကျပ်သိန်းငါးရာ၊ ငွေကျပ်သိန်းနှစ်ရာ၊ ငွေကျပ်သိန်းတစ်ရာ၊ ငွေကျပ်သိန်းငါးဆယ်၊ ငွေကျပ်သိန်းနှစ်ဆယ်၊ ငွေကျပ်ဆယ်သိန်း နှင့် ဝေဝေဆာဆာ ပဒေသာဆုမဲများဖြစ်သည့် ငွေကျပ်သုံးသိန်း၊ ငွေကျပ်နှစ်သိန်း၊ ငွေကျပ်တစ်သိန်းနှင့် ငွေကျပ်ငါးသောင်း ဆုမဲများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထီဖွင့်ပွဲတွင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဘဏ္ဍာသိမ်းဆုငွေဖြစ်သည့် ငွေကျပ်သန်း ၂၅၀ မှ ဆုမဲများကို ဆုတစ်ဆုခြင်းဆုမဲများ အနေဖြင့် ငွေကျပ်ဆယ်သိန်း(၄)ဆု၊ ဝေဝေဆာဆာဆုမဲများအနေဖြင့် ငွေကျပ်သုံးသိန်း ၂ ယူနစ်(၂၀)ဆု၊ ငွေကျပ်နှစ်သိန်း ၂ ယူနစ်(၂၀ဝ)ဆုနှင့် ငွေကျပ်တစ်သိန်း ၂ ယူနစ် (၂၀ဝ၀)ဆုတို့အား ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(၇)ကြိမ်မြောက် ငွေကျပ် ၁၀ဝ၀ တန်ထီဖွင့်ပွဲတွင် ထီပေါက်သည့် ကံထူးရှင်များ အနက် ငွေကျပ်ဆယ်သိန်းနှင့်အထက် ကံထူးရှင်များအား ဆုငွေထုတ်ပေးခြင်းကို စက်တင်ဘာ ၂ ရက်မှ စတင်၍နေ့ချင်းပြီးဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျန်ကံထူးရှင်များအား ဆုငွေထုတ်ပေးခြင်းကို စက်တင်ဘာ ၁၁ ရက်မှ စတင်၍ လက်ခံဆောင်ရွက်ပေး မည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

မောင်လူမော်