နေပြည်တော် ဇွန် ၁၁
(၈) ကြိမ်မြောက် အာဆီယံကျန်းမာရေးအစုအဖွဲ့ (၁)၏ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံအဆင့်မြှင့်တင်ခြင်း အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
ဉီးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က မကူးစက်နိုင်သော ရောဂါများသည် အရေးကြီးသော ပြည်သူ့ကျန်းမာရေးဦးစားပေးကိစ္စရပ်အဖြစ် အသိအမှတ်ပြုထား သည့်အတွက် ကျန်းမာရေးကဏ္ဍတွင် အရေးကြီးသော လုပ်ငန်းစဉ်များ အဖြစ်သတ်မှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသရေးအတွက် ကျေးလက် ဒေသအောက်ခြေအထိ မကူးစက်နိုင်သောရောဂါကုသရေး ဆေးခန်းများဖွင့်လှစ်၍ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု၏ နောက်ဆက်တွဲ အဖြစ် စိတ်ကျန်းမာရေး ၏အရေးပါမှုကို မီးမောင်းထိုးပြခဲ့ပါသဖြင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုများတွင် စိတ်ကျန်းမာ ရေးစောင့်ရှောက်မှုများကို ထည့်သွင်း၍ မွေးစအရွယ်မှ သေဆုံးသည်အထိ စောင့်ရှောက် မှုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်မှုတွင်လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ လမ်းညွှန်ချက်အတိုင်း စံသတ်မှတ်ချက်များနှင့်အညီ ထုတ်ပိုးမှုပုံစံများ ကျင့်သုံးရာတွင် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် တတိယမြောက်ကျင့်သုံးသောနိုင်ငံဖြစ်ပါကြောင်း။
အာဆီယံ ၂၀၁၅ ခုနှစ်လွန် ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ် ၂၀၂၁-၂၀၂၅ နှင့် အာဆီယံကျန်းမာရေး အစုအဖွဲ့များ၏လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်ရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆုံးရှုံးသွားသောအချိန်နှင့် အရှိန်အဟုန်ကို အမီလိုက်နိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ အရင်းအမြစ်များကို အသုံးပြု၍ အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အာဆီယံကျန်းမာရေးကဏ္ဍသည် အမှန်တကယ်ပင် အာဆီယံပြည်သူများ၏ ဘဝနေထိုင်မှုပုံစံကို တန်ဖိုးထားကာ အပြောင်းအလဲဖြစ်စေပြီး ဒေသတွင်းလျင်မြန်စွာပြောင်း လဲနေသော လိုအပ်ချက်များနှင့် စိန်ခေါ်မှုများကို တုံ့ပြန်ဆောင်ရွက်လျက်ရှိသည်ကို အသိအမှတ်ပြု မှတ်တမ်းတင်ပါကြောင်း၊ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ASEAN Health Sector development အတွက် ဆောင်ရွက်ပြီးစီးမှုများကို ပြန်လည်သုံးသပ်၍ ရှေ့ဆက်ဆောင်ရွက်မည့် ကျန်းမာရေး နှင့်ညီညွတ်သော လူနေမှုပုံစံများမြှင့်တင်ရေး လုပ်ငန်းများကိုလည်း မြန်မာနိုင်ငံ အနေဖြင့် အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးတွင် တက်ရောက်လာသည့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များက မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ကုသရေး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲ မှုနှင့် သောက်သုံးမှုထိန်းချုပ်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်သားများ၏ ကျန်းမာရေး စောင့်ရှောက်မှုပေးရေး၊ စိတ်ကျန်းမာရေး၊ သက်ကြီးရွယ်အိုကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်ရွေးချယ်ရေးတို့အား ဆွေးနွေးမည်ဖြစ်ပြီး အစည်း အဝေးကို ဇွန် ၁၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။
အဆိုပါအစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်က သဘာပတိအဖြစ် ဆောင်ရွက်ပြီးကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွယ်ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။
(သတင်းစဉ်)


