နေပြည်တော် ဇန်နဝါရီ ၃

 

(၉၅) ကြိမ်မြောက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ခန်းမ၌ “ဉာဏ်ရည်တု နည်းပညာအကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က ပစ္စုပ္ပန်နှင့် အနာဂတ်ကာလတွင် သုတေသနနှင့် နည်းပညာကို အခြေခံသော စိုက်ပျိုး ထုတ်လုပ်မှုကို ဆောင်ရွက်မှသာ လယ်ယာကဏ္ဍ ပြောင်းလဲမှုအောင်မြင်မည်ဖြစ်၍ တောင်သူ လယ်သမားထုတစ်ရပ်လုံး ပါဝင်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ နည်းပညာကိုအခြေခံသည့် စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ကျေးလက်လူငယ်များနှင့် AI ကဏ္ဍကို မြှင့်တင်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ မည်သည့်နည်းပညာတွင်မဆို တောင်သူများ ပူးပေါင်းပါဝင်လာခြင်းဖြင့် ပိုမိုထိရောက်သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ လျှောက်လှမ်း နိုင်မည်ဖြစ်ကာ စိုက်ပျိုးရေးဆိုင်ရာ AI နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံတော် စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆီ လှမ်းချီနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန (၄) အမျိုးသား ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းမှ စီမံကိန်းဒါရိုက်တာ ဒေါက်တာတင်ဖုန်းကျော်က AI နည်းပညာ ဆင့်ကဲ ပြောင်းလဲလာမှုနှင့် စပ်လျဉ်း၍ နည်းပညာ၏အဓိပ္ပာယ်နှင့် ကောင်းကျိုးများ၊ ကွန်ပျူတာ နည်းပညာ ဆင့်ကဲပြောင်းလဲလာမှု၊ ဉာဏ်ရည်တုနည်းပညာ ဆင့်ကဲပြောင်းလဲလာမှု၊ လူသားအသိဉာဏ်၊ ကွန်ပျူတာ အသိဉာဏ်၊ AI တွင် ဒေတာအရေးပါမှု၊ အိုင်တီခေတ်တွင် အရေးကြီးသော ဒစ်ဂျစ်တယ် အချက်အလက်နှင့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများ၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိ ဆောင်ရွက်လျက်ရှိသော တောင်သူကြီး AI နှင့်ပတ်သက်၍ တင်ပြဆွေးနွေးသည်။

 

အဆိုပါ တင်ပြဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပေးပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးသည်။

 

(၉၅) ကြိမ်မြောက် ကျင်းပသည့် တောင်သူနည်းပညာပေး ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့မှ ပညာရှင်များနှင့် သုတေသီများ၊ စိုက်ပျိုးရေး တက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်ရှစ်မြို့နယ်မှ တောင်သူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများမှ ဆရာ ဆရာမများ၊ တောင်သူများက zoom point ၇၀ မှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနလက်အောက်ရှိ စပါးသီးနှံ သု​တေသန ဗဟိုဌာနသို့ သွားရောက်၍ သုတေသနပြု စမ်းသပ်ထားသော​ပျိုးပင်အဆင့်တွင် Night Break ​ဆောင်ရွက်ထား​​သည့် ​ပေါ်ဆန်းစပါး၏ အပင်ဖြစ်ထွန်းမှု နှိုင်းယှဉ်စမ်းသပ်ထားရှိမှု အ​ခြေအ​နေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်