နေပြည်တော် ၂၉ မေ 

“မနက်ဖြန်တိုင်း ကျန်းမာဖျတ်လတ်သော ပြည်သူများဖြစ်စေဖို့ ယနေ့ကာယပညာ မြှင့်တင်ကြပါစို့” ခေါင်းစဉ်ဖြင့်ကျင်းပသည့် နှီးနှောဆွေးနွေးဖလှယ်ပွဲ ပိတ်ပွဲအခမ်းအနားကို ယမန့်နေ့ ညနေပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) ၌ ကျင်းပသည်။

အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကျင်းပသည့် ဆွေးနွေးပွဲမှရရှိသော အကြံပြုချက်များသည် ကောင်းမွန်ပြီး နိုင်ငံတစ်ဝန်းလုံးရှိ ကျန်းမာရေး၊ ပညာရေး၊ အားကစား ဦးစီးမှူးများ၊ လူမှုရေးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းအုပ်ဆရာကြီးများနှင့် ဆရာဆရာမများထံ ဖြန့်ဝေပေးရမည်ဖြစ်ပါကြောင်း၊ အကြံပြုချက်များကို အခြေခံ၍ မဟာဗျူဟာ၊ လုပ်ငန်းစဉ်များရေးဆွဲချမှတ်ပြီး လက်တွေ့ အကောင်အထည်ဖော်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်ပညာ ရေးဝန်ကြီးဌာနတို့တွင် ပူးတွဲတာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

နိုင်ငံတစ်ဝှမ်းရှိ (၉ ဒသမ ၅) သန်းကျော်သော ကျောင်းသား ကျောင်းသူများ ကာယပညာ သင်ကြားလေ့ကျင့်ခြင်းဖြင့် ကျန်းမာသန်စွမ်းကာ အနာဂတ်နိုင်ငံအတွက် အလွန်ကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊ ကျောင်းသားများသိရှိသမျှ ကျန်းမာရေးအသိပညာဗဟုသုတများကို မိဘ၊ ဆွေမျိုးနှင့် မိတ်ဆွေများပါ တစ်ဆင့်ပြန်လည်သိရှိပြီး ပြည်သူများကျန်းမာရေးအတွက် အလွန်တန်ဖိုးရှိမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုရေး ဝန်ကြီးများ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများမှ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲပြီးနောက် လုပ်ငန်းများဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အချိန်ကာလအလိုက် တိုးတက်မှုများကို ဆန်းစစ်ရမည်ဖြစ်ပြီး လိုအပ်မှုနှင့် အားနည်းမှုရှိသော နေရာဒေသများအတွက် ဖြည့်ဆည်းတည့်မတ် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယနေ့ကျင်းပသည့် နှီးနှောဖလှယ်ပွဲ နံနက်ပိုင်းတွင် သဘာပတိအဖြစ် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ဆောင်ရွက်ပြီး ထိုင်းနိုင်ငံမှ Physical Education ပညာရှင် Professor Emeritus Dr.ARTH NANAက “Sport Science respective in Thailand” ခေါင်းစဉ်၊ စင်္ကာပူနိုင်ငံမှ Physical Education ပညာရှင် Mr.CHAN WENG KIT က “The purpose and goals of physical education in Singapre” ခေါင်းစဉ် ၊ ဗီယက်နမ်နိုင်ငံမှ Physical Education ပညာရှင် Mrs.VU THI HUYEN က “Physical education policy perspective in Vietnam ခေါင်းစဉ်၊ သြစတြေးလျနိုင်ငံမှ Physical Education ပညာရှင် Mr. Kevin Joe Grima က “Physical education policy in Australia” ခေါင်းစဉ်တို့ဖြင့် ဖတ်ကြားဆွေးနွေးကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းအကြံပြု ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်မှ ကထိကဌာနမှူး (ကာယပညာဌာန) ဒေါက်တာမိုးမိုးခိုင်က ''ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ကာယပညာနှင့် အားကစားဆိုင်ရာ လေ့ကျင့်သင်ကြားမှုအခြေအနေ'' ခေါင်းစဉ်၊ ညောင်လေးပင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(တော်ဝိ)မှ ဒေါက်တာကေသီဝင်းက “Challenges of Teaching and Learning in Physical Education at Upper  Primary Level from Nyaung Lebin Township” ခေါင်းစဉ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာရဲတင့်လွင်က “ကာယပညာနှင့် အားကစားသင်ကြားမှုရရှိသောအကျိုး ကျေးဇူးများ” ခေါင်းစဉ်၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှဒုတိယညွှန်ကြားရေးမှူး (အာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ) ဒေါက်တာလွင်မာလှိုင်က “Role of Nutrition in School Children” ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

နှစ်ရက်တာကျင်းပသည့် နှီးနှောဖလှယ်ပွဲသို့ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ လူမှုရေးဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ သြစတြေးလျနိုင်ငံတို့မှ စာတမ်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်/မြို့နယ်အသီးသီးမှ အားကစားမှူးများနှင့် ပညာရေးဝန်ကြီးဌာနမှ ကာယဆရာ/ ဆရာမများ ကာယပညာသင်ကြားလေ့ကျင့်မှု (Physical Education) သင်တန်း အမှတ်စဉ်(၂ဝ) သင်တန်းတက်ရောက်နေသော သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။ 

သတင်းစဉ်