နေပြည်တော် ၂၂ ဇွန်

မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန် ၂၀ ရက် မွန်းလွဲပိုင်းတွင် မြောက်ဦးမြို့နယ်၊ ဝေသာလီ ကျေးရွာအနီးတစ်ဝိုက်၌ AA အဖွဲ့ဟု ယူဆရသည့် မကျားဆည်ကျေးရွာသား ၁ ဦး၊ ပေါက်တောပြင် ကျေးရွာသား ၄ ဦး၊ ဗူးရွက်မညိုး ကျေးရွာသား ၁ ဦး၊ အုတ်ဖိုကန် ကျေးရွာသား ၁ ဦးနှင့် ဒုံးသိမ်ကျေးရွာသား ၁ ဦး၊ စုစုပေါင်း မသင်္ကာဖွယ်အမျိုးသား ၈ ဦးအား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထို့ပြင် ဇွန် ၂၁ ရက်တွင် ပေါက်တောပြင်ကျေးရွာ၏ အရှေ့ဘက် သင်းကျစ်တောင် ဘုရားကုန်းပေါ်ရှိ သင်းကျစ်တောင် ဘုန်းတော်ကြီးကျောင်းသို့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ သတင်းအရ သွားရောက် ရှာဖွေခဲ့ရာ ဘုန်းတော်ကြီးကျောင်းနှင့် မသက်ဆိုင်သည့် လုပ်သေနတ်၊ ခဲယမ်း၊ မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ၊ ယူနီဖောင်း၊ စစ်အသုံးအဆောင် ပစ္စည်းများ၊ WFP တံဆိပ်ပါ ထောက်ပံ့ရေးရိက္ခာ ပစ္စည်းများ၊ အခြားစားသောက်ကုန် ပစ္စည်းများနှင့် ဆေးပစ္စည်းများအားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရုံး၏သတင်းထုတ်ပြန်ချက်အရသိရသည်။

(သတင်းစဉ်)