နေပြည်တော် ၈ မေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ စာသင်ကျောင်းတွင် AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူ မသင်္ကာဖွယ်အမျိုးသား ၂၇၅ ဦးအား တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ခေတ္တထိန်းသိမ်းထားရှိပြီး စစ်ဆေးမေးမြန်းလျက်ရှိရာမှ AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုမရှိသူ ၁၂၆ ဦးအား မေ ၂ ရက်တွင်လည်းကောင်း၊ ၄၈ ဦးအား မေ ၆ ရက်တွင်လည်းကောင်း ပြန်လည်စေ လွှတ်ပေးခဲ့ပြီး ယနေ့တွင် ၃၅ ဦးအား မသင်္ကာဖွယ်စာရင်းမှ ပယ်ဖျက်ပြီး ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

ခေတ္တထိန်းသိမ်းထားသူများမှ စစ်ဆေးမေးမြန်းရန်ကျန်ရှိသူ ၈၃ ဦးအား ဥပဒေနှင့်အညီ အသေးစိတ် ဆက်လက်စစ်ဆေး မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ရာ AA အဖွဲ့ဝင်ဟု ကိုယ်တိုင်ဝန်ခံခဲ့သည့် သိန်းအေးမောင် (၁၇)နှစ်အပြင် စိုးဝင်းကျော် (၂၈)နှစ်၊ မောင်မောင်လှိုင် (၂၉)နှစ်၊ ညီညီဌေး (၃၀)နှစ်တို့ ၃ ဦး၊ သံသယရှိသူ ၂ ဦး၊ စုစုပေါင်း ၆ ဦးအား မေ ၈ ရက်တွင် စစ်တွေမြို့သို့ ပို့ဆောင်၍ တရားဥပဒေအရ အရေးယူနိုင်ရေး လိုအပ်သည်များ ဆောင်ရွက်လျက်ရှိကြောင်း။

ဆက်လက်စစ်ဆေးမေးမြန်းလျက်ရှိသည့် ၇၈ ဦးအနက် ၃၅ ဦးမှာ AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုမရှိကြောင်း ထပ်မံစိစစ်သိရှိရသဖြင့် ယနေ့တွင် မသင်္ကာဖွယ်ရာ စာရင်းမှ ပယ်ဖျက်ခဲ့ပြီး ကျေးရွာမှရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများရှေ့မှောက်၌ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်းနှင့် ကျန်ရှိသူ ၄၃ ဦးအား ဆက်လက် စစ်ဆေးမေးမြန်းလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ 

(သတင်းစဉ်)