ရန်ကုန်    ဖေဖော်ဝါရီ    ၂၉

 

နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ် မတ်လ အတွင်း အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနိုင်သည်ဟု ခန့်မှန် ထားမှုကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားရာ မြန်မာနိုင်ငံအတွင်းရှိ ငါး၊ ပုစွန် မွေးမြူရေးတောင်သူများအနေဖြင့် မိမိတို့ငါးမွေးကန်များတွင် အရန်ကန်များထားရှိ၍ ရေသိုလှောင် ထားရှိကာ ရေလှယ်သောစနစ်ကို အထူးဂရုပြုဆောင်ရွက်သွားရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က တိုက်တွန်းထားသည်။

 

အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်လေ့ရှိသည့်ဖြစ်စဉ်ဖြစ်သော်လည်း အကျိုး သက်ရောက်မှုကို လွန်ခဲ့သောလေးနှစ်ကျော်က မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများကြုံတွေ့ခဲ့ရပြီး မိုးရွာသွန်းမှုမူမမှန်ခြင်း၊ နေ့အပူချိန်မြင့်မားခြင်း၊ မုန်တိုင်း ဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့်အစွန်းရောက် မိုးလေဝသဖြစ်စဉ်များကို ဖြစ်ပေါ်လေ့ရှိရာ မွေးမြူရေးကဏ္ဍကို ထိခိုက်မှု မရရှိစေရန် ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတို့မှ ကြိုတင်အသိပေးလျက်ရှိသည်။

 

မြန်မာ့ရေချိုထွက်ကုန် ဘဏ္ဍာတိုက်များဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ငါး၊ပုစွန်ကန်များမှ ရေထွက်ကုန်များကို ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန် အဖြစ် မွေးမြူထုတ်လုပ်လျက်ရှိရာ နွေရာသီတွင် ငါးကန်အများစုသည် ကန်ဖော်၍ရေထွက်ကုန်များကို ထုတ်ယူရောင်းချလေ့ရှိကြောင်း သိရသည်။      

 

ရေချိုမွေးမြူရေးကဏ္ဍတွင် ငါးမြစ်ချင်းကို အများဆုံးမွေး မြူလျက်ရှိပြီး တစ်ဧကလျင် သားပေါက် ကောင်ရေ ၇၀၀ မှ ၁၀၀၀ အထိ ကန်ကျယ်စနစ်ဖြင့် မွေးမြူလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ရေချိုငါး၊ပုစွန်၊ဂဏန်း ဧက ၄၆၀,၀၀၀ ကျော်မွေးမြူထားရာ၌  ငါးကို အများဆုံးမွေးမြူလျက်ရှိပြီး ဂဏန်းကို ဧက ၂၀၀၀ ကျော် မွေးမြူထားသည်။  

 

“ဒီနှစ်နွေရာသီမှာ အယ်လ်နီညိုဖြစ်စဉ်ကလည်းရှိနေတော့ ငါးမွေးတောင်သူတွေ ပိုပြီးဂရုစိုက် နေကြပါတယ်။ နေပြင်းရင် ကန်ထဲကိုရေမောင်းသွင်းတာ၊ ရေလှယ်တာကာ အစလုပ်ဆောင်ဖို့ လိုပါတယ်။ တိုင်း‌ဒေသကြီးသုံးခုက ငါးမွေးတောင်သူတွေဟာ အတွေ့အကြုံလည်း ရှိနေကြပါပြီ။ ဖြစ်သွားရင် ဆုံးရှုံးမှုတန်ဘိုးကြီးမားတယ်ဆိုတာ သူတို့သိနေကြ ပါတယ်။အပူရှိန်ပြင်းလာရင် ရောဂါ ဖြစ်ပွားတတ်တဲ့ သဘောလည်းရှိတာကြောင့် ကန်ရေကို အထူးသတိပြုစောင့်ကြည့်ဖို့ တိုက်တွန်း လိုပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ကန်အကျယ်မွေးတဲ့စနစ်ကို အသုံးပြုတာကြောင့် အရန်ကန်ထား ရှိပြီး ရေသိုလှောင်ထားပြီးတော့ ရေလှယ်တဲ့စနစ်ကို ကြပ်မတ်ဆောင်ရွက်သွားမယ်ဆိုရင် ဒီနွေရာသီမှာ မွေးမြူရေး တောင်သူတွေအားလုံး အဆင်ပြေပြေနဲ့ ကျော်ဖြတ်သွားနိုင်မှာပါ။ နွေရာသီမှာ ရာသီဥတု ဘယ်လောက်ပြင်းထန်ပြီး မွေးမြူရေး တောင်သူတွေထံက ဘာအသံကြားရမလဲဆိုတာလည်း အမြဲနားစွင့်နေပါတယ်”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင်က ပြောသည်။

 

ယခုနွေရာသီတွင် ငါးမွေးကန်များထိခိုက်မှုမရှိစေရန် ကန်အခြေအနေနှင့် ရေအရည်အသွေး ပြောင်းလဲမှု အခြေအနေများကို နေ့စဉ်နံနက်(၆)နာရီတွင် ပုံမှန်စစ်ဆေးရန်၊ မွေးမြူရေးကန်တွင် ရေအသစ်လဲလှယ် နိုင်ရေးအတွက် ရေကောင်း၊ ရေသန့်သိုလှောင်သည့် အရန်ကန်များစီစဉ်ထားရှိပြီး ရေရနိုင်သမျှ သိုလှောင်ထားရန်၊ ကန်ရေအပူချိန် မြင့်မားချိန်တွင် ရေထုညစ်ညမ်းမှုဖြစ်စေသည့် ကဇော်ဖကျွေးခြင်းကို ရှောင်ကျင်ကာ ပုံမှန်အစာများကိုသာ ချိန်ဆကျွေးရန်၊ ရေသစ်သွင်းရန်အခက်အခဲရှိသော ကန်များ အနေဖြင့် ငါးအရေအတွက် လျှော့ချမွေးမြူရန်၊ အပူချိန်ပြင်းသည့် အချိန်တွင် ငါးများကန် ပြောင်ရွှေ့ ခြင်းမပြုလုပ်ရန်၊ နံနက်ပိုင်း မိုးအုံသောရက်၊ နှင်းကျသောရက်များတွင် ငါးများခေါင်း ထောင်လျက် ကူးခတ်ခြင်း၊ ကမ်းစပ်သို့ စုပြုံလာခြင်းကြုံရပါက ကန်အတွင်း အောက်ဆီဂျင်လျော့နည်းမှု ဖြစ်ပွားနေသဖြင့် ကန်အတွင်းရေသစ်သွင်းခြင်း၊ ရေပန်းချခြင်း၊ ရေဒလက်များ မောင်းပေးခြင်းနှင့် ကန်အတွင်းလှေလှော်ပေးခြင်း နည်းလမ်းများဖြင့် ရေတွင် ပျော်ဝင်အောက်ဆီဂျင် မြင့်တက်‌လာစေရေး ဆောင်ရွက်ပေးရန်၊ ငါးအစာ လွန်ကဲစွာကျွေးခြင်းကြောင့် စားကြွင်းစားကျန်များမှတစ်ဆင့် ရေထုညစ်ညမ်းပြီး ငါးရော ဂါကျရောက် တတ်သဖြင့် ဩဇာဓာတ်ထည့်သွင်းခြင်းနှင့် ငါးအစာ အလွန်အကျွံကျွေးခြင်းကို လျှော့ချ ပေးရန်စသည့် နည်းလမ်းများဖြင့် ငါးမွေးမြူရေးကန်များ ရာသီဥတု ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်နိုင်ရန် ငါးမွေးတောင်သူများကို တိုက်တွန်းထားကြောင်း သိရသည်။

ညိမ်းသူ( သတင်းစဉ် )

ဓာတ်ပုံ-ကနူး