ရန်ကုန် ဇူလိုင် ၃

 

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Prak Sokhonn နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

 

ဦးစွာ ဧည့်သည်တော်နှင့်အဖွဲ့သည် တောင်ဘက်ဧည့်ခံ တန်ဆောင်း၌ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး စေတီတော်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ထို့နောက် ဂေါပကအဖွဲ့ဝင်များက ရွှေတိဂုံစေတီတော် ဓာတ်ပုံနှင့် သမိုင်းမှတ်တမ်းစာအုပ်ကို လက်ဆောင်အဖြစ် ပေးအပ်သည်။

 

mdn

 

ဆက်လက်၍ ဧည့်သည်တော်နှင့်အဖွဲ့သည် ရင်ပြင်တော်တစ်ပတ်လှည့်လည် ကြည့်ရှု လေ့လာပြီး အလှူရှင် ဧည့်ခန်းမဆောင်၌ စေတီတော်မြတ်ကြီးအတွက် အလှူတော်ငွေများ ပေးအပ်လှူဒါန်းသည်။

 

မွန်းလွဲပိုင်းတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်သည် (၇) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်ရန် ရန်ကုန်မြို့မှ ပုဂံမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

 

သတင်းစဉ်