နေပြည်တော် ၂၃ ဇူလိုင်
အာဆီယံဘက်စုံဘေးကင်းလုံခြုံသော စာသင်ကျောင်းလုပ်ငန်း တိုးတက်မှုအစီရင်ခံခြင်းဆိုင်ရာ လမ်းညွှန်အား မိတ်ဆက်ခြင်းအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီတွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပညာရေး ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ Regional ASEAN Safe School Initiative အစီအစဉ်မှတာဝန်ရှိသူများ၊ Plan International Myanmar မှ တာဝန်ရှိသူများ၊ Disaster Preparedness and Response in Educationနှင့် Disaster Risk Reduction Working Group မှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများသည် နှစ်စဉ် သဘာဝဘေးအန္တရာယ်ကြောင့် ပညာရေးနှင့်ပတ်သက်သည့် အခြေခံအဆောက်အဦများပျက်စီး ဆုံးရှုံးခြင်း၊ ထိခိုက်ပျက်စီးမှုများကြောင့် စာသင်ကျောင်းများပိတ်ထားရခြင်း၊ ပညာရေးလုပ်ငန်းများနှောင့် နှေးကြန့်ကြာခြင်း၊ ပညာရေးဘတ်ဂျက်များ ပိုမိုကျခံသုံးစွဲရခြင်း စသည်တို့ကို ရင်ဆိုင်ကြုံတွေ့ နေရပါကြောင်း၊ ၂၀ဝ၈ ခုနှစ်၊ မေလတွင် ဖြစ်ပွားခဲ့သော ဆိုင်ကလုန်းမုန်တိုင်းနာဂစ်ကြောင့် စာသင်ကျောင်းပေါင်း ၂၄၀ဝကျော် ထိခိုက်ပျက်စီးခဲ့ရပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သောရေကြီး ရေနှစ်မြုပ်မှုများကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် စာသင်ကျောင်း(၄၀ဝ၀)ကျော် ထိခိုက်ခဲ့ပြီး စာသင်ကျောင်း (၆၀ဝ)ကျော် ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း၊ ၂၀ဝ၈ ခုနှစ် နှစ်လယ်မှစ၍ သဘာဝဘေးအန္တရာယ်လျော့ပါး ရေးလုပ်ငန်းများကို ပညာရေးကဏ္ဍအတွင်း ပေါင်းစည်းထည့်သွင်းခြင်းကို စတင်လုပ်ဆောင်ခဲ့ပြီး နိုင်ငံ တော်အစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းစီမံချက်(၂၀၁၇)အား အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်လျော့ချရေးမူဘောင်ဖြစ်သည့် ဆန်ဒိုင်းမူဘောင် (Sendai Framework for Action)နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အာဆီယံသဘောတူညီချက် (AADMER) တို့နှင့်အညီပြုစုခဲ့ပါကြောင်း၊ ဘက်စုံဘေး ကင်းလုံခြုံသော စာသင်ကျောင်းလုပ်ငန်းစဉ်များသည် ASEAN Education Work Plan 2016-2020 ၏ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်သည့်အပြင် မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်း စီမံချက် ၂၀၁၇ ၏ ဦးစားပေးလုပ်ငန်းစဉ်လည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှစတင်ပြီး စာသင်ကျောင်းဘေးကင်းလုံခြုံရေး လုပ်ငန်းများအား အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ နည်းပညာနှင့် ရန်ပုံငွေပံ့ပိုးမှုများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း။
ယခုအလုပ်ရုံဆွေးနွေးပွဲမှ ရှေ့ဆက်လုပ်ငန်းစဉ်များ ဖော်ထုတ်ရာတွင်လည်း လက်တွေ့ကျသော လုပ်ငန်းစဉ်များအား ဆွေးနွေးဖော်ထုတ်ကြရန်လိုပါကြောင်း၊ မြန်မာနိုင်ငံသည် ရာသီဥတု ပြောင်းလဲမှုများကြောင့် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်နှင့်အမျှ ရင်ဆိုင်ကြုံ တွေ့နေရပါကြောင်း၊ ထိုဘေးအန္တရာယ်များသည် နိုင်ငံ၏ပညာရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများကို နှောင့်နှေးစေပါကြောင်း၊ ဘက်စုံဘေးကင်းလုံခြုံသော စာသင်ကျောင်းများဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနတစ်ခုတည်းတင်သာမကဘဲ အခြားသောဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများအပြင် ပြည်သူတစ်ရပ်လုံးက မိမိတို့တတ်စွမ်းသည့်ဘက်မှ ပါဝင်ဆောင်ရွက်ကြမှသာ ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်သည့် ပြီးပြည့်စုံသော ပညာရေးစနစ်တစ်ခု ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် Plan International Myanmar မှ တာဝန်ရှိသူတစ်ဦးက အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်သည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၂၃ ရက်အထိ (၂)ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်


