နေပြည်တော် ၂၄ ဇူလိုင်
အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် (၁၁)ကြိမ်မြောက် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ် ၁၅ ၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အမြဲတမ်းအတွင်းဝန်များ၊ ဆက်စပ်ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြသည်။
အာဆီယံနိုင်ငံရေး - လုံခြုံရေးအသိုက်အဝန်း၊ အာဆီယံစီးပွားရေးအသိုက်အဝန်း၊ အာဆီ ယံလူမှုရေး - ယဉ်ကျေးမှုအသိုက်အဝန်း စသည့် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် အာဆီယံအဖွဲ့ကြီးက သဘောတူဆုံးဖြတ်ထားသည့် လုပ်ငန်းများအား အသိုက်အဝန်းတစ်ခုစီ၏ လုပ်ငန်းသဘော သဘာဝနှင့်သက်ဆိုင်နေသော အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရဌာနများက အကောင်အထည်ဖော်ပေးလျက်ရှိပြီး ကဏ္ဍအလိုက် အာဆီယံဝန်ကြီးအဆင့် အစည်းအဝေး၊ အဆင့်မြင့် အရာရှိကြီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အဖွဲ့ဝင်နိုင်ငံများ၏ အက္ခရာစဉ်အလိုက် အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရသည့် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
အာဆီယံလူမှုရေး - ယဉ်ကျေးမှုအသိုက်အဝန်း (ASCC)အောက်၌ အကျုံးဝင်နေသည့် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရာတွင် ၂ဝ၁၉ ခုနှစ်သည် မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်ယူခြင်းနှင့်အတူ အောက်တိုဘာလတွင် ကျင်းပမည့် အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်၍ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၊ အာဆီယံ+၃ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ အာဆီယံဖိုရမ်၊ အာဆီယံခေါင်းဆောင်မှု အရည်အချင်းဆု Leadership Award ချီးမြှင့်ပွဲနှင့် Side event အနေဖြင့် Gender Mainstre-aming on Rural Development and Poverty Eradication with FAO and WFP တို့ကို တစ်ဆက်တစ်စပ်တည်း (၄) ရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။
ဝန်ကြီးအဆင့် အစည်းအဝေးတွင် အာဆီယံနိုင်ငံများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးကဏ္ဍ၌ တာဝန်ယူထားကြသည့် ဝန်ကြီး (၁ဝ)ဦးအပါအဝင် (၅၄)ဦးခန့် တက်ရောက်ကြမည်ဖြစ်ပြီး၊ အဆင့်မြင့်အရာရှိကြီးအဆင့် အစည်းအဝေးများတွင် အဆင့်မြင့်အရာရှိကြီး (၁ဝ)ဦးအပါအဝင် (၁၁၆) ဦးပါဝင်တက်ရောက်မည်ဖြစ်သဖြင့် ပြည်ပအဆင့်မြင့် ဧည့်သည်များ တက်ရောက်ကြမည်ဖြစ်ရာ အစည်းအဝေးများအား ဆက်စပ်ဝန်ကြီးဌာနများ၏ ပေါင်းစပ်ကူညီမှုဖြင့်မိမိတို့နိုင်ငံ ဂုဏ်သိက္ခာနှင့်အညီ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ယနေ့ကျင်းပရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


