နေပြည်တော် ဖေဖော်ဝါရီ ၁၀

 

အာဆီယံလုပ်ငန်းရှင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆုနှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ဥဿာကျော်ခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ASEAN-OSHNET ဆု ရွေးချယ်ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် “အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆု” ဗီဒီယို မှတ်တမ်းကို ပြသပြီး အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်း က ASEAN-OSHNET ဆုများအတွက် သတ်မှတ်ထားသည့် စံနှုန်းများကို လည်းကောင်း၊ ASEAN-OSHNET Best Practices Award ရရှိသည့် Jotun Myanmar အိမ်သုတ်ဆေးစက်ရုံမှ ကိုယ်စားလှယ်က ဆုယှဉ်ပြိုင်လျှောက်ထားခဲ့မှု အတွေ့အကြုံများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။

 

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ် ထူးခြားစွာ ဆောင်ရွက်ထားသော ကုန်ထုတ်သည့် စက်ရုံ၊ အလုပ်ရုံနှင့် အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများအနေဖြင့် ASEAN-OSHNET Excellence ဆုကိုလည်းကောင်း၊ အလုပ်သမား အင်အား (၅၀) ဦးမှ (၃၀၀) အထိရှိ အသေးစားနှင့် အလတ်စား စက်ရုံ၊ အလုပ်ရုံနှင့် အလုပ် ဌာနများ၊ လုပ်သားအင်အား (၃၀၀) မှ (၆၀၀) အထိရှိ လုပ်အားအခြေပြု ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် လက်ခစားလုပ်ကိုင်သည့် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများအနေဖြင့် ASEAN-OSHNET Best Practices ဆုကိုလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး လျှောက်လွှာ များကို ၂ဝ၂၅ ခုနှစ် မတ် ၃ ရက် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်