ရန်ကုန် ဇူလိုင် ၁၉

၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များအား ရည်စူး၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်း ရေစက်သွန်းလောင်း အမျှပေးဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ (၇၅) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ရန်ကုန်မြို့တော်ဝန်နှင့် ကော်မတီဝင်များ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ပါဠိတက္ကသိုလ်ညောင်တုန်း ပရိယတ္တိစာသင်တိုက် စာချနာယက ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ ထံမှ ပရိသတ်တို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့အကျိုးတော်ဆောင် မဟာဂန္ထဝါစကပဏ္ဍိတပါဠိတက္ကသိုလ် ညောင်တုန်းပရိယတ္တိစာသင်တိုက် စာချနာယက ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ ထံမှ အနုမောဒနာတရားနာယူကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

(သတင်းစဉ်)