ရန်ကုန် ဇူလိုင် ၉
ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၂)နှစ်မြောက် အာဇာနည်နေ့တွင် ယခုနှစ်အထူးအစီအစဉ်အဖြစ် လွတ်လပ် ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် ဒေါ်ခင်ကြည်နှင့် မိသား စုနေထိုင်ခဲ့သော အိမ်အောက်ထပ် ဧည့်ခန်းကို ထိုအချိန်က ပုံစံအတိုင်းနှင့် ဗိုလ်ချုပ်ဝတ်ဆင် အသုံးပြုခဲ့သော အဝတ်အစားများကို ပြသရန်ပြင်ဆင်မှု ကို ဇူလိုင် ၇ ရက်က ပြီးစီးခဲ့ရာ အများ ပြည်သူအား ပြသရန်အသင့်ဖြစ်နေပြီဖြစ် ကြောင်း ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်ပြတိုက်မှ သိရသည်။
ပရိသတ်သုံးသောင်းကျော်ကြည့်ရှုနိုင်
‘‘အေးအေးဆေးဆေး လေ့လာ ကြည့်ရှုချင်တယ်ဆိုရင် ဇူလိုင် ၂၀ ရက်နဲ့ ၂၁ ရက်မှာလည်း လာရောက်ကြည့်ရှုလို့ ရပါတယ်။ ပြသတဲ့သုံးရက်မှာ ဧည့်ခန်းနဲ့ ဗိုလ်ချုပ်ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေ ကို ပြသထားမှာပါ။ အာဇာနည်နေ့မှာ ပရိသတ်က သုံးသောင်းကျော် လာကြည့်နိုင်တယ်လို့ ခန့်မှန်းထားပါ တယ်။ လူများလို့ နောက်ရက်မှ လာကြည့်လို့လည်း ရပါတယ်။ ဗိုလ်ချုပ် ကျဆုံးပြီးနောက် ဒေါ်ခင်ကြည်မိသားစု နေထိုင်ခဲ့တဲ့ ဧည့်ခန်းပုံစံနဲ့ အပေါ်ထပ်က ဗိုလ်ချုပ်အဝတ်အစားတွေကို ဒီနှစ်ပြသဖို့ ပြင်ဆင်နေတာ ဇူလိုင် ၇ ရက်က ပြီးစီးသွားပါပြီ။လေ့လာကြည့်ရှုဖို့ အဆင်သင့် ဖြစ်နေပါပြီ’’ဟု ပြတိုက်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင် မောင်စိုးက ပြောသည်။
အာဇာနည်နေ့သည် ရုံးပိတ်ရက် ဖြစ်သောကြောင့် ရန်ကုန်မြို့ရှိ အများ ပြည်သူကြည့်ရှုရာ ပြတိုက်များပိတ်ထား မည်ဖြစ်ပြီး ဗိုလ်ချုပ်ပြတိုက်တစ်ခုတည်း သာ ယင်းနေ့တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ အခမဲ့ဖွင့်လှစ်ပြသသွားမည် ဖြစ်ရာ ကျန်သည့်နှစ်ရက်တွင်လည်း အများပြည်သူကို ဆက်လက်ပြသသွား မည်ဖြစ်သည်။
ဗိုလ်ချုပ်နှင့်ပတ်သက်၍ လေ့လာနိုင်
ဗိုလ်ချုပ်ပြတိုက် အဝင်တံခါးမှ စတင်ဝင်ရောက်ပါက ၁၉၄၇ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းက ရရှိထားသော အင်္ဂလန်နိုင်ငံထုတ် Wolseley ကား ကိုတွေ့ရှိရမည်ဖြစ်ပြီး ပြတိုက်အတက် ပတ်လမ်းတစ်လျှောက် ပြသထားသော ဗိုလ်ချုပ်ပုံပါသည့် ပိုက်ဆံနှင့် တံဆိပ် ခေါင်းများကို လေ့လာခွင့်ရရှိမည်ဖြစ် ကာ ပြတိုက်အိမ်ရှေ့ညာဘက်ခြမ်းရှိ ဗိုလ်ချုပ်အနားယူ စာဖတ်ရာအဝိုင်း ပေါင်းမိုးအောက်တွင် စာဖတ်နေသည့် စီလီကွန်ရုပ်တု ဗိုလ်ချုပ်ပုံကို ဦးစွာ တွေ့မြင်ရမည်ဖြစ်သည်။
ဆက်လက်၍ ပြတိုက်အတွင်းဝင် ပါက မိသားစုထမင်းစားခန်း၊ ဗိုလ်ချုပ် ငယ်ဘဝ၊ ကျောင်းသားဘဝ၊ တက္ကသိုလ် ကျောင်းသားဘဝ၊ ဗိုလ်ချုပ်မိသားစု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှု၍ ပြတိုက်အပြင်သို့ ပြန်ထွက်ကာဗိုလ်ချုပ် ရှိစဉ်က စိုက်ပျိုးခဲ့သော သလဲပင် ပြန်လည်စိုက်ပျိုးမှုကြောင့် အသီးသီး နေသည့်သလဲပင်ပြကွက်ကို ကြည့်ရှုပြီး ၁၉၄၉ ခုနှစ်က မှတ်တမ်းဓာတ်ပုံဖြစ် သော အောက်ထပ်ဧည့်ခန်းတွင် ဒေါ်ခင်ကြည်နှင့် ဦးအောင်ဆန်းလင်း၊ ဦးအောင် ဆန်းဦးတို့နှင့် ဗိုလ်ချုပ်ပန်းချီကားကို နောက်ခံပြုထားသည့် ဧည့်ခန်းခင်းကျင်း ထားမှုကို တွေ့မြင်ရမည်ဖြစ်သည်။
ဗိုလ်ချုပ်အိပ်ခန်းတွင် ဗိုလ်ချုပ်ရှိစဉ် ကဝတ်ဆင်ခဲ့သည့် အဝတ်အစားများနှင့် သားရေသေတ္တာအသုံးအဆောင်ပစ္စည်း ပြခန်း၊ ဘုရားခန်း၊ ဓာတ်ပုံများချိတ်ဆွဲ ပြသထားသည့် ပြခန်းတို့ကိုတွေ့မြင်ရ မည်ဖြစ်ပြီး စာဖတ်ခန်း၊ ကလေးများ အိပ်ခန်း၊ အထူးအစည်းအဝေးခန်းတို့ ကိုပြသထားလျက် အောက်ထပ်သို့ပြန် လည်ဆင်း၍ ဗိုလ်ချုပ်စိုက်ပျိုးခဲ့သော နေရာရှိ စိုက်ပျိုးရေးပြကွက်ကို ကြည့်ရှု လေ့လာကာ ၁၉၅၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် မောင်အောင်ဆန်းလင်း ရေနစ်သေဆုံးခဲ့သည့် ရေကန်ကိုကြည့်ရှု ၍ အပြင်သို့ပြန်လည်ထွက်ခွာကြရမည် ဖြစ်သည်။
အခမဲ့ခင်းကျင်းပြသသွားမည်
ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ ဗိုလ်ချုပ်ပြတိုက်ကို အခမဲ့ ဖွင့်လှစ်ပြသ သွားမည်ဖြစ်ပြီး ယခုနှစ်တွင် အထူး အစီအစဉ်နှစ်ရပ်ဖြင့် ပြသမည့် ပြခန်းပြင်ဆင်မှု သတ်မှတ်ရက်ထက် ကြိုတင်ပြီးစီးနေ၍ အများပြည်သူကြည့်ရှု လေ့လာရန် အဆင်သင့်ရှိနေပြီဖြစ် ကြောင်း သိရသည်။
သန်းထိုက်


