နေပြည်တော် ၁၂ ဩဂုတ်
မြန်မာ့အားကစားအဆင့်အတန်း တိုးတက်စေရန် ရည်ရွယ်၍ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းများတွင် ထည့်သွင်းသင်ကြားမည့် သင်ရိုးညွှန်းတမ်းများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးက သင်ရိုးညွှန်းတမ်းများသည် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများရှိ (၈) တန်း၊ (၉)တန်း၊ (၁၀)တန်း သင်တန်းသားများအား သင်ကြားပေးမည့် သင်ရိုးညွှန်းတမ်းများဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းများနှင့်ပတ်သတ်၍ အကြံပြုချက်များရှိပါက ဆွေးနွေးတင်ပြပေးကြ စေလိုပါကြောင်း၊ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ၏ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ပိုမို မြင့်မားလာစေရေးအတွက် လေ့ကျင့်သင်ကြားမှုဆိုင်ရာ ကော်မတီဖွဲ့စည်းရန်လိုအပ်ပါကြောင်း၊ ရုံးလုပ်ငန်းများ၊ ဝန်ထမ်းစီမံရေးရာများ၊ နည်းပြနည်းစနစ်မှူးများ၊ ဆရာဝန်များ၊ အင်ဂျင်နီယာ၊ စီမံ/ဘဏ္ဍာရေးလိုင်းအမျိုးမျိုးတွင် ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် လိုအပ်ပါကြောင်း၊ ကျွမ်းကျင်သောနည်းပြများ၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ရရှိသောနည်းပြများ၊ ကျွမ်းကျင်စွာ လေ့ကျင်သင်ကြားပေးနိုင်သည့် နည်းပြများ လိုအပ်ပါကြောင်း၊ နည်းပြများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရှာဖွေမွေးထုတ်ပေးရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်/မြို့နယ်၊ ရပ်ကွက်များတွင်လည်း မြေနေရာရရှိပါက အားကစားကွင်းများ ဆောက်လုပ်ခြင်း၊ အားကစားပစ္စည်းလှူဒါန်းခြင်း၊ EIM များ ပြုလုပ်ခြင်းဖြင့် လူထုကျန်းမာစေရေးအတွက် စည်းရုံးဆောင်ရွက်သင့်ပါကြောင်း၊ Outdoor Fitness များကို လူအများကစားနိုင်သော နေရာများတွင် ပြောင်းလဲတပ်ဆင်စေလိုပါကြောင်း၊ လေ့ကျင့်ရေး Center တွင် ကွန်ပြူတာ၊ စာကြည့်တိုက်တွင် အားကစားနှင့်ပက်သက်သည့် စာရွက်စာတန်းများ၊ စာအုပ်များထားရှိစေလိုပါကြောင်း၊ လေ့ကျင့်ရေး Center တစ်ခုထားရှိပြီး ကဏ္ဍအလိုက် သင်တန်းများ ဖွင့်လှစ်စီမံဆောင်ရွက်ပေးစေလိုကြောင်း၊ ဘာသာရပ်အလိုက် အားကစားနည်းများတွင် အားကစားသမားများ၊ နည်းပြများ အရည်အချင်းတိုးတက် လာစေရေး၊ အားကစားနည်းစီမံခန့်ခွဲမှုများနှင့် နိုင်ငံတကာနှင့်ဆက်ဆံရာတွင် တိုးတက်လာစေရန် သင့်လျော်သည့် လုပ်ငန်းစဉ်များကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက သင်ရိုးညွှန်းတမ်းများတွင် အသုံးပြုမည့် စာအုပ်အဖုံး၊ မာတိကာ၊ သမိုင်းအကြောင်း၊ နည်းစနစ်ပိုင်းဆိုင်ရာ သင်ခန်းစာ၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများ၊ ပြုစုသူ၊ မှီငြမ်းစာအုပ်များကို တပြေးညီဖြစ်စေရေး ကိစ္စရပ်များကိုလည်းကောင်း၊ အားကစား နှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က လက်ရွေးစင်အဆင့်နှင့်အထက် သင်ရိုးညွှန်းတမ်းများ ပါဝင်နေသည့်ကိစ္စ၊ ရုံးလုပ်ငန်းကိစ္စများနှင့် ဘဏ္ဍာရေးကိစ္စများ ကျွမ်းကျင်ရေးအတွက် သင်တန်းများဖွင့်လှစ်ရေးကိစ္စ၊ လေ့ကျင့်ရေး center အနီးတွင်လည်း စာကြည့်တိုက်များပြုလုပ်မည့်ကိစ္စ၊ အားကစားအဖွဲ့ချုပ်အလိုက် Logo တစ်မျိုးစီဖြစ်နေသည့်အတွက် တစ်စုတစည်းတည်းဖြစ်ရန် ကိစ္စရပ်များကို လည်းကောင်း။
အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ကျောင်းသားများ အနေဖြင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ထည့်သွင်းစဉ်းစားရမည့်ကိစ္စ၊ Logo ကိစ္စကိုလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းက သင်ရိုးညွှန်းတမ်းများ ရေးဆွဲရခြင်း၏ ရည်ရွယ်ချက်၊ သင်ရိုးညွှန်းတမ်း ပထမ(၃)လပို့ချရာတွင် သရုပ်ပြနှင့်လက်တွေ့တို့တွင် ရှိသင့်သည့်ရာခိုင်နှုန်း၊ ယခုသင်ရိုး ညွှန်းတမ်းသည် နည်းစနစ်မှူးသင်တန်းများနှင့် ကိုက်ညီမှုရှိသည် အခြေအနေများကို လည်းကောင်း ဆွေးနွေးတင်ပြကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်က သင်ရိုးညွှန်းတမ်း Logo ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးကာ တက်ရောက်လာကြသော ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများက မိမိတို့ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စတင်ကစားခဲ့သော ကလေးများအနေဖြင့် အောက်ခြေတွင် (အခြေခံအားကစားနည်း)များကို နားလည်ကြေညက်ခဲ့မှသာ အားကစားနှင့် ကာယပညာ သိပ္ပံများအတွက် အဆင်ပြေမည်ဖြစ်ပါကြောင်း၊ အားကစားကွင်း/ရုံများနှင့် နီးစပ်သူများသည် အားကစားတွင် ထူးချွန်ထက်မြက်သူများ ဖြစ်လာနိုင်ပါကြောင်း၊ နည်းပြများ၏ ကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊ (၈)တန်း၊ (၉)တန်း၊ (၁၀)တန်းများအနေဖြင့် အားကစားသိပ္ပံများ၏ သင်ရိုးညွှန်းတမ်းများကို အောက်သက်ကြေရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားသိပ္ပံသို့ ပို့ဆောင်ရာတွင် အခြေခံကြေညက်ပြီးသည့် ကစားသမားဆိုပါက ပိုမိုကောင်းမွန်နိုင်မည် ဖြစ်ပါကြောင်းနှင့် သင်ရိုးညွှန်းတမ်းတွင် ပုံများဖြင့်လည်း သင်ကြားသင့်ပါကြောင်း ပြောကြားသည်။
သတင်းစဉ်