နေပြည်တော်၊ ဇွန် ၉

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသား သမီး ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၉) နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များ ကျန်းမာပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ကာ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်အောင် မိဘများ အနေဖြင့် ငယ်စဉ်ကတည်းက ပြုစုပျိုးထောင် သွန်သင်ပြသသင်ကြားပေးသွားရန်လိုကြောင်း၊ ယခုခေတ်သည် ပညာခေတ်ဖြစ်ပြီး ပညာသည်သာလျှင် စစ်မှန်သည့် တန်ဖိုးဖြစ်သည့်အတွက် ကျောင်းသား ကျောင်းသူများအနေဖြင့် နောင်တစ်ချိန်တွင် မိမိအတွက်၊ မိသားစုအတွက်၊ လူမျိုးအတွက်၊ နိုင်ငံအတွက် အကျိုးပြုနိုင်ပြီး ထူးချွန်ထက်မြက်သည့် ပညာတတ်ကြီးများဖြစ်အောင် ဆက်လက်ကြိုးစား အားထုတ်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ၂၀၂၄ - ၂၀၂၅ ပညာ သင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများနှင့် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် ပညာသင် ထောက်ပံ့ကြေးငွေများပေးအပ်ကြရာ ကျောင်းသား ကျောင်းသူများကိုယ်စား အထက်တန်းကျောင်းသူ မနန္ဒာဝင်းရွှေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယနေ့အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် မူလတန်းအဆင့်အတွက် ငွေကျပ် ၁၅,၀၀၀ နှုန်းဖြင့် ၃၁၅ ဦး၊ အလယ်တန်းအဆင့်အတွက် ငွေကျပ် ၂၀,၀၀၀ နှုန်းဖြင့် ၁၁၄ ဦး၊ အထက်တန်းအဆင့်အတွက် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် ၈၇ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၅၁၆ ဦးတို့အတွက် ငွေကျပ် ၉,၆၁၅,၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်