နေပြည်တော် ၈ စက်တင်ဘာ
အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအမံများ နှစ်အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၌ Video Conferencing ဖြင့် ကျင်းသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ညွှန်ကြားရေးမှူးများ၊ အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံအတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့နေသည်ဖြစ်၍ မိမိ၏ဌာန၊ မိမိပတ်ဝန်းကျင်၊ မိမိတို့မိသားစုတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ နှင့်ပတ်သက်သော ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန် ဝိုင်းဝန်းတိုက်တွန်း ဆောင်ရွက်စေလိုကြောင်း၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး၊ ကုသရေးအတွက် နေရာအခက်အခဲများ ဖြစ်ပေါ်လာနိုင်သည်ဖြစ်၍ အားကစားနှင့်ကာယပညာ ဦးစီးဌာန လက်အောက်ရှိ အားကစားကွင်း/ရုံနှင့် ကျောင်းများကို သေချာစနစ်တကျ ပြည့်ပြည့်စုံစုံ ကူညီဆောင်ရွက်နိုင်ရန် အသင့်အနေအထားဖြစ်စေလိုကြောင်း၊ ယခုကျင်းပသည့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ (၅)နှစ်တာ စီမံချက်နှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ထံတင်ပြရာတွင် ပြည်ထောင်စုဝန်ကြီးမှ ကောင်းမွန်သည့် အစီအစဉ်ဖြစ်ကြောင်းနှင့် မိမိတို့နှစ်အလိုက် လုပ်ဆောင်မည့် လုပ်ငန်းများကို ဦးစားပေးအဆင့် သတ်မှတ်ချက်ဖော်ပြပေးရန် လိုအပ်ကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော် ပြီးမြောက်မှု ဆန်းစစ်ချက်များ ပြုလုပ်ရန်လိုအပ်ကြောင်း၊ အစည်းအဝေးကို တက်ရောက်လာကြသူများ အနေဖြင့် အပြုသဘောဆောင်သော အကြံဉာဏ်ကောင်းများဖြင့် ပွင့်ပွင့်လင်းလင်းဝိုင်းဝန်း အကြံပြုဆွေးနွေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးကျော်စိုးမိုး၊ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်နှင့် အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ဦးနိုင်လင်းအောင်တို့က ကဏ္ဍအလိုက် ဆွေးနွေးတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ညွှန်ကြားရေးမှူးများမှ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများနှင့် သက်ဆိုင်သော သင်တန်းသားရွေးချယ်မှုဆိုင်ရာများ၊ ပြိုင်ပွဲများဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ပညာသင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသနှင့်လျော်ညီသည့် လူရွေးချယ်မှုဆိုင်ရာကိစ္စရပ်များ၊ နေထိုင်စားသောက်ရေး၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများနှင့် အားကစားအဖွဲ့ချုပ်များဆိုင်ရာ အကြံပြုချက်များနှင့် အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းသားဟောင်းများ၏ ဘဝအာမခံချက်ဆိုင်ရာ ကိစ္စရပ်များကို အကြံပြု တင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်သုံးသပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


