နေပြည်တော် ၁၅ စက်တင်ဘာ
အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လာမည့် (၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအမံများအား နှစ်အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ညွှန်ကြားရေးမှူးများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ကာလတွင် သက်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှုများနှင့်အတူ အားကစားကဏ္ဍပါလာမည်ဖြစ်ကြောင်း၊ ရင်းနှီးမြုပ်နှံမှုများနှင့်အတူ စက်မှုဇုန်များ၊ စက်ရုံများ/အလုပ်ရုံများ ပါပေါ်ထွက်လာမည် ဖြစ်ပါသဖြင့် ထိုလုပ်ငန်းစုများတွင် ဝင်ရောက်လုပ်ကိုင်မည့် ရင်းနှီးမြုပ်နှံသူများ၊ လုပ်သမားများ၊ ဝန်ထမ်းများအားလုံးအတွက် ကျန်းမာကြံ့ခိုင်ရေး၊ အားကစားဆိုင်ရာ အစီအမံများပါထည့်သွင်း စဉ်းစားရန်လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိမိတို့ သက်ဆိုင်ရာ အားကစားနှင့်ပတ်သက်သော ကျွမ်းကျင်မှုကို ပိုမိုမြင့်တင်ရန် လိုအပ်ကြောင်း၊ ရောဂါကူးစက်မှု ယခုထက် ပိုမိုမြင့်တက်လာပါက ကိုဗစ်-၁၉ ကုသရေး၊ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် သက်ဆိုင်ရာဒေသများရှိ အားကစား ကွင်း/ရုံများ အသုံးပြုမည်ကို ကြိုတင်အသိပေးပြောကြားလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ ချင်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းတို့က ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ အထိ ရှေ့လာမည့် (၅)နှစ်အတွင်း စီစဉ်ဆောင်ရွက်မည့် အစီအမံများအား အသေးစိတ်တင်ပြ ဆွေးနွေးကြသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


