၂၀၂၂ ခုနှစ်၊ မေ ၉  ရက် နံနက် ၇ နာရီ ထုတ်ပြန်ချက်

 

 

ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ(Asani)”သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းသို့  ရောက်ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ အနောက်-အနောက် မြောက်ဘက် ရေမိုင် (၃၄၀) မိုင်ခန့်၊ ဗီဆာကာပတ္တနမ်မြို့ (Vishakhapatnam)၏ အရှေ့တောင်ဘက် ရေမိုင် (၃၄၅) မိုင်ခန့်၊ ပူရီမြို့ (Puri) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၃၉၅) မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၃၆၀) မိုင်ခန့်နှင့် ဟိုင်းကြီးကျွန်းမြို့ (Hainggyikyun) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၄၄၅) မိုင် ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

 

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “အာစန်နီ (Asani)” ၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။

 

အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “အာစန်နီ (Asani)”သည် မြန်မာစံတော်ချိန် (၀၅:၃၀) နာရီတွင် မြောက်လတ္တီကျု (၁၃ ဒသမ ၄) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၇ ဒသမ ၂) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၈၉) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၆၅) မိုင်မှ မိုင်(၇၀) နှုန်းခန့် ဖြစ်သည်။

 

အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “အာစန်နီ (Asani)”သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ၁၀.၅.၂၀၂၂   ရက်တွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း ကမ်းလွန်-ဩရိဿကမ်းခြေ) သို့ ရောက်ရှိနိုင်ကာ ထိုမှတစ်ဆင့် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ပြီး ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿ ကမ်းလွန် )သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

 

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “အာစန်နီ(Asani)” ၏ အရှိန်ကြောင့် ယနေ့နံနက်မှ ၁၃.၅.၂၀၂၂ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြိး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကာ၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့်ရှိ နိုင်သည်။

 

သို့ဖြစ်ပါ၍ အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ (Asani)” ၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊  မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်သည်။

 

Credit> မိုးဇလ