၂၀၂၂ခုနှစ်၊ မေ  ၁၀  ရက်မြန်မာစံတော်ချိန် ၇ နာရီထုတ်ပြန်ချက်

 

ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “အာစန်နီ(Asani)” သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ကာကီနာဒါမြို့ (Kakinada) ၏ အရှေ့တောင်ဘက် ရေမိုင် (၁၆၀) မိုင်ခန့်၊  ဗီဆာကာပတ္တနမ်မြို့ (Vishakhapatnam) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၁၈၀) မိုင်ခန့်၊ ဂိုလ်ပါပူမြို့ (Gopalpur) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၂၇၀) မိုင်ခန့်၊ ပူရီမြို့ (Puri) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၃၂၀) မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်-အနောက်မြောက် ဘက် ရေမိုင် (၅၅၀) မိုင်ခန့်နှင့် ဟိုင်းကြီးကျွန်းမြို့ (Hainggyikyun) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၆၁၀) မိုင်ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

 

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “အာစန်နီ(Asani)” ၏ လက်ရှိ ခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။

 

အဆိုပါအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “အာစန်နီ(Asani)”သည် မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန်တွင် မြောက်လတ္တီကျု (၁၄.၈) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၃.၉) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၈၈) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၆၅ မိုင်မှ မိုင် ၇၀ နှုန်းခန့် ဖြစ်သည်။

 

အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “အာစန်နီ(Asani)” သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက် (၂၄) နာရီတွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းကမ်းလွန်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿကမ်းခြေ) သို့ ရောက်ရှိနိုင်ကာ ထိုမှတစ်ဆင့် မြောက်-အရှေ့မြောက်ဘက်သို့ ကွေ့ပြီး ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းကမ်းလွန် - ဩရိဿကမ်းခြေ) သို့ ရောက်ရှိနိုင်သည်။ အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “အာစန်နီ(Asani)” သည် နောက် (၁၈) နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “အာစန်နီ(Asani)” အဖြစ်သို့လည်းကောင်း၊ (၁၂.၅.၂၀၂၂) ရက်နေ့တွင် အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရသည်။

 

သတိပေးနှိုးဆော်ချက် 

 

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “အာစန်နီ(Asani)” ၏ အရှိန်ကြောင့် ယနေ့နံနက်မှ (၁၃.၅.၂၀၂၂) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ နိုင်ကာ၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် (၄၀) အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၈) ပေမှ (၁၂) ပေခန့်ရှိနိုင်သည်။

 

သို့ဖြစ်ပါ၍ အဆိုပါအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “အာစန်နီ(Asani)” ၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်သည်။

 

Credit> မိုးဇလ