မေ ၂
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ကာပစ်ဆာပြည်နယ်ရှိ မင်္ဂလာပွဲအခမ်းအနားတစ်ခုတွင် ယမန်နေ့မွန်းလွဲပိုင်းက နေအိမ်ခေါင်မိုးပြိုကျမှုကြောင့် လူ ၄၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ယနေ့တွင် ပြောကြားသည်။
နီဂျာရတ်ခရိုင်ရှိ နေအိမ်တွင် မင်္ဂလာပွဲလာဧည့်သည်တော်များ ထိုင်နေစဉ် နေအိမ်ခေါင်မိုးပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါနေအိမ်ပြိုကျမှုတွင် ၄၅ ဦး ဒဏ်ရာရရှိခဲ့သည့်အနက် ဒဏ်ရာရရှိသူအချို့မှာ အခြေအနေစိုးရိမ်ရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။
ဒဏ်ရာရရှိသူအားလုံးကို ထိုခရိုင်ရှိဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားသည်။
စစ်ပွဲအများအပြားဖြစ်ပွားသော အာဖဂန်နစ္စတန်နိုင်ငံတွင် အထူးသဖြင့် ကျေးလက်ဒေသများရှိ လူနေအိမ်အများစုသည် ရွှံ့ဖြင့်တည်ဆောက်ထားခြင်းဖြစ်သည့်အတွက် မိုးသက်မုန်တိုင်းများ၊ ရေလွှမ်းမိုးမှုများနှင့် သဘာဝဘေး အန္တရာယ်များဖြစ်ပွားချိန်တွင် အလွယ်တကူပြိုကျမှုများ ဖြစ်ပွားလေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို