အာဖဂန်နစ္စတန်နိုင်ငံ၌ ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွား ခုနစ်ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရ

ကဘူးလ် ဒီဇင်ဘာ ၈

 

အာဖဂန်နစ္စတန်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ အနည်းဆုံး ခုနစ်ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။ 

 

ပထမဆုံးဖြစ်ပွားသည့် ပေါက်ကွဲမှုသည် Mazar-i-Sharif မြို့လယ်၌ ယမန်နေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါနေရာကို တာလီဘန်များ ထိန်းချုပ်ထားသည်။ 

 

အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ဒေသဆိုင်ရာအာဏာပိုင်များကို တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စင်းထိမှန်သွားခဲ့ပြီး      ဘတ်စ်ကားပေါ်တွင် သယ်ဆောင်လာသည့် ခရီးသည်ခုနစ်ဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာလီဘန်အဖွဲ့၏ လက်အောက်ခံရဲအရာရှိများက ဆိုသည်။  

 

ဒုတိယမြောက် ဗုံးပေါက်ကွဲမှုသည် ဂျလာလာဘတ်မြို့ အရှေ့ပိုင်းရှိ   ဈေးနေရာ၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဖြစ်ပွားခဲ့သည်။ အဆိုပါပေါက်ကွဲမှု ကြောင့် ကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဗုံးပေါက်ကွဲမှုများအား မည်သည့်အဖွဲ့အစည်းက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း လက်ရှိအချိန်အထိ မသိရသေးပေ။ 

 

နိုင်ငံအတွင်း တာလီဘန်များအား ဆန့်ကျင်သည့် အိုင်အက်စ်စစ်သွေးကြွအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံ၏လုံခြုံရေး မတည်မငြိမ်ဖြစ်လျက်ရှိကြောင်း တာဝန်ရှိသူများက ဆိုသည်။ 

 

အလားတူ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မြို့တော် ကဘူးလ်ရှိ ပါကစ္စတန်သံရုံး၌ ဗုံးပေါက်ကွဲခဲ့ရာ လုံခြုံရေးအစောင့်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

 

ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်