နေပြည်တော် ၂၉ ဇွန်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ဇွန် ၂၅ ရက်မှ ၂၆ ရက်အထိ စင်ကာပူနိုင်ငံတွင်ကျင်းပသည့် အာရှ-ပစိဖိတ်ကြေးနန်း ဆက်သွယ်ရေးအဖွဲ့ချုပ် (APT)၏ အိုင်စီတီဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး ၂၀၁၉သို့ တက်ရောက်၍ အာရှ-ပစိဖိတ်ဒေသအတွင်း အိုင်စီတီကဏ္ဍတွင် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်စေရေး ရည်ရွယ်လျက် Digital Transformation, Digital Innovation and Creativity, Digital Community, Digital Thrust နှင့် Digital Capacity Building and Partnershipဆိုင်ရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး အခြားအာရှ-ပစိဖိတ်ဒေသဆိုင်ရာ အိုင်စီတီဝန်ကြီးများနှင့်အတူ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးသည် Digital Transformation, Digital Innovation and Creativity ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ပေါ် ဆောင်ရွက်နေမှုများ၊ ကြုံတွေ့လျက်ရှိသည့်စိန်ခေါ်မှုများကို ပါဝင်ဆွေးနွေးသည်။

အဆိုပါ အစည်းအဝေးသည် (၅)နှစ်လျှင်တစ်ကြိမ် ကျင်းပသော အစည်းအဝေး တစ်ခုဖြစ်ပြီး ယခုနှစ်သည် အာရှ-ပစိဖိတ် ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်အား ဖွဲ့စည်း တည်ထောင်ခဲ့သည့် နှစ်(၄၀) ပြည့်မြောက်သည့် နှစ်ပတ်လည်ကာလနှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။ အစည်းအဝေးသို့ အာရှ-ပစိဖိတ်ကြေးနန်းဆက်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများမှ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ကြေးနန်းအဖွဲ့ချုပ်(ITU)မှ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် UNESCAP(United Nations Economic and Social Commission for Asia and the Pacific) တို့မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ၂၀၁၄ခုနှစ် အာရှ-ပစိဖိတ်ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ်၏ ဘရူနိုင်းကြေညာ စာတမ်းအပေါ်ဆောင်ရွက်နိုင်မှု အခြေအနေများ သုံးသပ်ခြင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် (၅)နှစ်တာကာလအတွက် စုပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အစီအမံများကို ဆွေးနွေးခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့် လွှမ်းခြုံ ချိတ်ဆက်မှုရှိသော အာရှ-ပစိဖိတ်ဒေသဖြစ်လာစေရေးအတွက် တိုးတက်ပြောင်းလဲလာသော ဒစ်ဂျစ်တယ်နှင့် အိုင်စီတီနည်းပညာများနှင့် ကိုက်ညီသည့်ရည်မှန်းချက် ပန်းတိုင်သစ် (၅)ရပ်ချမှတ်ခြင်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ကဏ္ဍ ဖွံဖြိုးတိုးတက်မှုများနှင့် ပြောင်းလဲတိုးတက်လာသည့် နည်းပညာဆိုင်ရာ ကိစ္စရပ်များအပေါ်အမြင်များ ဆွေးနွေး ဖလှယ်ခြင်း၊ စင်ကာပူ ကြေညာစာတမ်းထုတ်ပြန်ခြင်းစသည်များ ဆောင်ရွက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးကာလအတွင်း ဇွန် (၂၅)ရက်တွင် စင်ကာပူ သမ္မတနိုင်ငံသမ္မတ Her Excellency Madam Halimah Yacob က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဇွန် (၂၇)ရက်တွင် တစ်ဆက်စပ်တည်း ကျင်းပသည့် Digital Straits Exchange ဝန်ကြီးအဆင့် တံခါးပိတ်ဆွေးနွေးပွဲသို့ အခြား အာရှ-ပစိဖိတ်ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ သီးခြားဖိတ်ကြားထားသူများနှင့်အတူ တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲအပြီး တွင် ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ Advance Remanufacturing and Technology Center(ARTC) သို့ သွားရောက်၍ သုတေသန ပြုလုပ်မှုနေမှုများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး ဇွန်(၂၈)ရက်တွင် မြန်မာ အမျိုးသား လေကြောင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)