အာရှ ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင်ရန် မြန်မာအသင်း အပြီးသတ်လူရွေးချယ်

ရန်ကုန် ၂၁ မတ်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှ ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင်ရန် မြန်မာ အသင်းသည် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။

မြန်မာအသင်းသည် ယင်းခြေစစ်ပွဲတွင် ဂျပန်၊ မကာအို၊ တီမောအသင်းတို့နှင့် အုပ်စု (I) တွင် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် မတ် ၂၂ ရက်တွင် တီမောအသင်းနှင့် စတင် ကစားရမည်ဖြစ်ကာ မတ် ၂၄ ရက်တွင် မကာအိုအသင်း၊ မတ် ၂၆ ရက်တွင် ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ ယူ-၂၂အသင်း နည်းပြချုပ် ပိုပေါ့ဗ်သည် အပြီးသတ်လူစာရင်းကို မတ် ၂၀ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပဏာမကစားသမား ၂၈ ဦးအနက် ငါးဦး လျှော့ချခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းတွင် အုပ်ချုပ်သူ - ဦးတင်မြင့်အောင်၊ နည်းပြချုပ်-ပိုပေါ့ဗ်၊ လက်ထောက် နည်းပြ-ဦးချစ်နိုင်၊ ဦးဇော်ဝင်းထွန်း၊ ကြံ့ခိုင်ရေးနည်းပြ-ဟွမ်ရိုမန်၊ ဂိုးနည်းပြ - ဦးအောင်ကျော်ကျော်၊ ဂိုးသမား-ဘုန်းသစ္စာမင်း(ရှမ်း)၊ ဆန်းဆက်နိုင် (ရန်ကုန်)၊ စိုးအာကာ(မကွေး)၊ နောက်တန်း-ဝင်းမိုးကျော် (မကွေး)၊ ထူးခန့်လွင်၊ သူရိန်စိုး (ရန်ကုန်)၊ ရဲရင့်အောင်(၁) (ရတနာပုံ)၊ ဇင်ရဲနောင် (အား/ကာ သိပ္ပံ)၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း၊ ဇွဲထက်မင်း (ရှမ်း)၊ အလယ်တန်း-လွင်မိုးအောင် (ဧရာဝတီ)၊ အောင်နိုင်ဝင်း၊ မြတ်ကောင်းခန့်(ရတနာပုံ)၊ ဇေယျာနိုင်၊ စိုးလွင်လွင် (မကွေး)၊ ဟိန်းထက်အောင် (ဟံသာဝတီ)၊ ဇွဲသက်ပိုင် (ရှမ်း)၊ ရှေ့တန်း-ကောင်းထက်စိုး၊ လွှမ်းမိုးဦး (ရန်ကုန်)၊ ဝင်းနိုင်ထွန်း (ရတနာပုံ)၊ ထက်ဖြိုးဝေ(ရှမ်း)၊ အောင်ကောင်းမာန် (ဧရာဝတီ) တို့ ပါဝင်ကြသည်။

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ် ထုတ်ပြန်လိုက်သည့် အပြီးသတ်လူစာရင်းတွင် ထွန်းနန္ဒဦး (ဂိုး)၊ စိုးမိုးကျော်၊ ရဲရင့်အောင် (၂)၊ မြတ်ထွန်းသစ်နှင့် စအောင်ပြည့်ကိုတို့ ချန်လှပ်ခံခဲ့ရသည်။

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်