နေပြည်တော်  ၂၄  ဇွန် 

အာရှဒေသအဆင့်“သစ်တောမီးစီမံထိန်းချုပ်ခြင်း” သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အာရှဒေသသစ်တောက ပူးပေါင်းဆောင်ရွက်မှုအဖွဲ့လေ့ကျင့်ပညာပေးရေးတန်းကျောင်း(AFoCO RETC) (Asian Forest Cooperation Organization Regional Education Training Center) တွင်  ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါသင်တန်းကျောင်းကို ကိုရီးယားသစ်တောဌာန၏ အကူအညီဖြင့် ဆောက်လုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင်စတင်ဖွင့်လှစ်ခဲ့သည်။ စီမံကိန်းကာလအတွင်း ကိုရီးယားသမ္မတနိုင်ငံမှ အဓိကကူညီပံ့ပိုးလျက် မြန်မာနိုင်ငံသစ်တောဦးစီးဌာနနှင့် AFoCO Secretariat ပူးပေါင်း၍ အာရှ ဒေသသစ်တောက ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (AFoCO)ဝင်နိုင်ငံများအတွက် သစ်တောက ဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သစ်တောသုတေသန လုပ်ငန်းများ၊ လေ့လာရေးခရီးစဉ်များကိုသင်တန်းကျောင်းတွင် ၂၀၁၈ ခုနှစ်မှ စတင်၍ စီစဉ်ကျင်းပဆောင်ရွက်လျက်ရှိသည်။

အဆိုပါသင်တန်းကို (၁)သစ်တောမီးပညာရပ်ဆိုင်ရာ သစ်တောမီးအသွင်အပြင်နှင့် သတင်း အချက်အလက်စနစ်များကို သိမြင်နားလည်မှုမြင့်တက်လာစေရန်၊ (၂)သစ်တောမီးစီမံ ထိန်းချုပ် ခြင်းနှင့်အကောင်းဆုံးမီးငြိမ်းသတ်ခြင်း နည်းစနစ်များကို လေ့လာသိရှိနိုင်ရန်၊(၃) ခေတ်မှီ သည့် သစ်တောနည်းပညာများကိုအခြေခံ၍ သစ်တောဆိုင်ရာဝန်ထမ်းများ၏ ယူဆချက်သဘော တရား ဆိုင်ရာအမြင်များကိုအားကောင်းလာစေပြီးစွမ်းဆောင်ရည်များမြင့်တက်လာစေရန်ရည်ရွယ်လျက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် AFoCOအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘူတန်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ စင်ကာပူ၊ ထိုင်းနှင့်မြန်မာ နိုင်ငံတို့မှ သင်တန်းသား (၂၄)ဦးတက်ရောက်လျက်ရှိပြီးကိုရီးယားနှင့် ထိုင်းနိုင်ငံတို့မှ သစ်တော မီးပညာရပ်ဆိုင်ရာသင်တန်းဆရာများ၊ AFoCO Secretariatမှတာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ပြီးသင်တန်းကို ဇွန် ၂၄ ရက်မှ ၂၈ ရက်အထိ (၅)ရက် တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)