နေပြည်တော် ၂၆ ဇူလိုင်
ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းကျေးရွာအတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးဦးစီးတပ်ခွဲ ၁ ခွဲ အခြေပြုနေသည့် ညောင်ချောင်း နယ်မြေရုံး စခန်းကို AA/ARSA ပူးပေါင်း အဖွဲ့က ဇူလိုင် ၂၆ ရက် နံနက် ၄ နာရီ ၁၅ မိနစ်ခန့်တွင် အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ မိမိစခန်းကျဆုံးမှုမရှိဘဲ AA အဖွဲ့ထံမှ အလောင်းနှင့် လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ခေါင်းဆောင်(စိစစ်ဆဲ) AA/ARSA ပူးပေါင်းအဖွဲ့က ညောင်ချောင်းနယ်မြေရုံး စခန်း၏ အရှေ့တောင်နှင့် အနောက်တောင်ဘက်တို့မှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင်ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မိမိစခန်းမှ ပြန်လည်ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲမှူးဦးစီး လှုပ်ရှားတပ်ခွဲကလည်း အမြန်ဆုံး စစ်ကူပေး ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ နံနက် ၆ နာရီတွင် AA/ARSA ပူးပေါင်းအဖွဲ့သည် အနောက်တောင်ဘက်နှင့် အရှေ့ဘက်သို့ အဖွဲ့ခွဲဆုတ်ခွာသွားခဲ့ကြောင်း။
ဖြစ်စဉ်တွင် မိမိဘက်မှ ရဲတပ်ဖွဲ့ဝင် ၂ ဦး ကျည်ထိမှန် ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ နယ်မြေရုံးဝန်းကျင်အား ရှင်းလင်းရာ အားကစား ဝတ်စုံဝတ် AA အလောင်း ၃ လောင်း၊ M-22 ၁ လက်၊ M-79 မမဗုံးပစ်လောင်ချာ ၁ လက်၊ ကျည်အိမ် ၈ ခု၊ ကျည် ၄၀၊ ၄၀ မမဗုံးသီး ၂ လုံး၊ လက်ပစ်ဗုံး ၁၇ လုံး၊ လက်လုပ်မိုင်း ၆ လုံးနှင့် ကျောပိုးအိတ် ၁၃ လုံးတို့ သိမ်းဆည်းရရှိခဲ့ပြီး ၎င်း ကျောပိုးအိတ်များအတွင်းမှ အားကစားဝတ်စုံ၊ ဆေးထိုးအပ်များ၊ ဆေးဝါးများ၊ ဆေးဝါး ကုသသည့် ပစ္စည်းများ၊ မိုးကာအင်္ကျီများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ကျေးရွာသူ/ကျေးရွာသားများ၏ ပြောကြားချက်အရ AA/ARSA အဖွဲ့သည် လူနာအထမ်းများဖြင့် ဆုတ်ခွာသွားကြောင်းနှင့် မိမိစခန်း ကျဆုံးမှုမရှိဘဲ ထိရောက်စွာ ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သတင်းစဉ်


