နေပြည်တော် စက်တင်ဘာ ၂၄
ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး) ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မဟာအောင်မြေ မြို့နယ်ရှိ အဆိုပါရုံး ရုံးသစ်အဆောက်အဦ ရှေ့မျက်နှာစာ၌ ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး)ရုံးသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ရုံးသစ်ဆိုင်းဘုတ်နှင့် ကမ္ဗည်း မော်ကွန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရုံးသစ်အဆောက်အဦ အတွင်း ပြည်တွင်းအစားအသောက်လုပ်ငန်းများ ထောက်ခံချက်လျှောက်ထားခြင်းအတွက် Online E-Submission ဖြင့် ဆောင်ရွက်နေမှု၊ ခေတ်မီအစား အသောက်ဓာတ်ခွဲခန်းများ၊ ခေတ်မီဆေးဝါး ဓာတ်ခွဲခန်း များနှင့် ပြည်သူများအစားအသောက်နှင့် ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး ဆောင်ရွက် ချက် ပြခန်းငယ်တို့ကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကို ၁၉၉၅ ခုနှစ်မှစတင်ပြီး ဌာနခွဲတစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဌာနခွဲအဖြစ်မှ ဦးစီးဌာနအဖြစ်သို့ တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ စတင် ဖွဲ့စည်းခဲ့စဉ်က နေပြည်တော်ရုံးချုပ်နှင့် ဌာနခွဲ(၅)ခုသာ ရှိခဲ့ရာ ယခုဆိုလျှင် ရန်ကုန်(ရုံးခွဲ)၊ မန္တလေး (ရုံးခွဲ)၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံး (၁၂)ခု၊ ခရိုင်ရုံး(၃၃)ရုံး၊ နယ်စပ်ကုန်သွယ်ရေး စခန်း(၅)ခု၊ လျာထား (၁၅)ခုအထိ တိုးချဲ့ဖွဲ့စည်းနိုင် သည့်အတွက် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကိစ္စရပ် များကို ခရိုင်အဆင့်အထိ တိုးမြှင့်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး)ရုံးခွဲသစ်တွင် အဓိကအားဖြင့် ခေတ်မီဓာတ်ခွဲ ခန်းများ၊ ခေတ်နှင့်လျော်ညီစွာ E-submission စနစ်ဖြင့် ဆောင်ရွက်နိုင်သည့် Infrastructure များပါဝင်သည့် (၆)ထပ် ရုံးအဆောက်အဦ(၁)လုံး၊ (၆)ခန်းတွဲ၊ (၆)ထပ် ဝန်ထမ်းအိမ်ရာ(၁)လုံးကို ယနေ့တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၏ လမ်းညွှန် ကြီးကြပ်မှုနှင့်အညီ အရည်အသွေးပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များကို ပြည်သူများရရှိသုံးစွဲနိုင်ရန် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြား ချက်၊ လုပ်ထုံးလုပ်နည်း၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ခင်ဇော်က အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ချက် များကို ရှင်းလင်းတင်ပြပြီး ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီး အထူးခန်း၌ ဆေးရုံတက်ရောက်လျက်ရှိသော နိုင်ငံတော်ဩဝါဒ စရိယ၊ အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက် မဟာနာယကချုပ် ဆရာတော်ကြီး အဘိဓဇ မဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသအား သွားရောက်ဖူးမြော်ပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ဆရာတော်ကြီးအား ဆေးကုသမှု ဆောင်ရွက်ပေးနေသော ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများကို လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံးမှ ကျန်းမာရေးဝန်ထမ်း(၆)ဦးကို တွေ့ဆုံအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ကြီးဌာန အနေဖြင့် ကျန်းမာရေးအတွက် ပြည်သူလူထု စိုက်ထုတ်သုံးစွဲငွေ (out of pocket expenditure) သက်သာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ပုဂ္ဂလိကကျန်းမာရေး ဝန်ဆောင်မှုကဏ္ဍကိုလည်း စနစ်တကျ ဖြစ်စေရန် ထိန်းကျောင်းကြပ်မတ်လျက်ရှိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ယခုထက် ပိုမိုစနစ်ကျ တိုးတက်စေရေး ဆေးနှင့် ဆေးပစ္စည်း၊ လူအင်အား၊ ဘဏ္ဍာငွေတို့ကို အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်စေရေး အားလုံးကြိုးပမ်း ဆောင်ရွက်ပေးကြရန်မှာကြားပြီး တက်ရောက်လာကြသူများ၏ တင်ပြချက်များကို ပြန်လည်ဆွေးနွေး ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)