နေပြည်တော်  နိုဝင်ဘာ  ၁၇

 

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် တာဝန်ယူလာကြမည့် အနာဂါတ်မျိုး ဆက်သစ်လူငယ်များ အဆင့်မြင့် စိုက်ပျိုးရေးသုတေသနပညာများ လေ့လာသင်ယူနိုင်ရေးအတွက် လိုအပ်ချက်များ စီမံဖြည့်ဆည်းပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက နေပြည်တော်ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးတက္ကသိုလ်ရှိ အဆင့်မြင့် စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးဗဟိုဌာန(ACARE)အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးအား စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ACARE တာဝန်ရှိသူများက စိုက်ပျိုးရေး တက္ကသိုလ်၏ သင်ကြားရေးလုပ်ငန်းများ၊ ဘွဲ့ကြိုဘွဲ့လွန်သင်တန်းများ၊ မဟာသိပ္ပံနှင့် ပါရဂူတန်းသင်တန်းများကို စာသင်နှစ်အလိုက် ဖွင့်လှစ်ပို့ချပေးနေမှုအခြေအနေကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း၌ ဖွင့်လှစ်သည့်သင်တန်းများဖြစ်သော်လည်း အရည်အသွေး ပြည့်ဝသော ပညာရှင်များ မွေးထုတ်ပေးခြင်းဖြင့် မိမိကျောင်း၏ ဂုဏ်သတင်းကို မြှင့်တင်ပေးရန်လိုကြောင်း ၊ အလားတူ စာသင်နှစ်အလိုက် ကျခံရသည့် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုနှင့် ထိုက်တန်သည့် ပြန်လည်အကျိုးပြုနိုင်သူများ ဖြစ်စေရေး၊ နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များတွင် တတ်စွမ်းသည့်ဘက်က ပါဝင်ကြိုးပမ်း လာကြစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ သုတေသန ဆောင်ရွက်ချက်များပါဝင်သည့် အဆင့်မြင့်စိုက်ပျိုးရေး ပညာများ သင်ကြားပေးနိုင်ရေးနှင့် သင်ကြားရေးစွမ်းရည် မြှင့်တင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံချက်များ ချမှတ် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာများ ပြန့်ပွားရေးဆောင်ရွက်မှုနှင့် အတူ ကျန်းမာရေး နှင့်ညီညွတ်ပြီး ဘေးကင်းလုံခြုံသော GAP ထုတ်ကုန်များ၏ အာဟာရတန်ဖိုးကို ပညာပေးစည်းရုံးခြင်းကို ပညာရှင်များ အပိုင်းက ကြိုးပမ်းပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ချစ်ကြည်ရေးအထိမ်းအမှတ် တည်ထောင် ဖွင့်လှစ်ထားသည့် အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာန (ACARE)အတွင်းရှိ ခေတ်မီစာကြည့်တိုက်၊ ဓာတ်ခွဲခန်းများ၊ အအေးခန်း၊ ခေတ်မီသစ်သီးမှည့်ခန်း၊ လေထုထိန်းချုပ်စနစ် သိုလှောင်ခန်း၊ သီးနှံသိုလှောင်ခန်းနှင့် အစားအသောက် ထုတ်လုပ်မှုအတွက် အသေးစားစက်ရုံငယ်လေးများကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အိန္ဒိယနိုင်ငံ အမ်၊အက်(စ်) ဆွာမိနာသန် သုတေသနဖောင်ဒေးရှင်းနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စပါးဇီဝဥယျာဉ်သုတေသနဌာနစု၌ ဆောင်ရွက် လျက်ရှိသော စွမ်းအင်အသုံးပြုခြင်းမရှိသော အအေးပေးသိုလှောင်ကန်၊ အဆင့်မြင့်ဆန်စက်၊ စပါးသီးနှံ၏ ဘေးထွက် ပစ္စည်းများကို အာဟာရပြည့်ဝသော တိရစ္ဆာန်အစာထုတ်လုပ်မှုနှင့် ကောက်ရိုးအသုံးပြု နွားစာကိတ်ပြုလုပ်ခြင်း၊ ကောက်ရိုးအသုံးပြု စက္ကူပြုလုပ်ခြင်း၊ ဆန်အခြေပြု အာဟာရတန်ဖိုးမြှင့် မုန့်အမျိုးမျိုးပြုလုပ်ခြင်း၊ သဘာဝမြေဆွေး ထုတ်လုပ်မှုနည်းပညာများကို ကြည့်ရှုအားပေးကြသည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပသည့်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ ဘောလီဘော အားကစားပြိုင်ပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ကိုယ်စားပြုအသင်းနှင့် စိုက်ပျိုးရေးတက္ကသိုလ် ကိုယ်စားပြုအသင်း တို့၏ ဘောလီဘောအားကစား ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)