နေပြည်တော် အောက်တိုဘာ ၃
အစိုးရ- ပုဂ္ဂလိက Technical Group နှင့် Hybrid စနစ်ဖြင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိ ကြီးများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ Technical Group အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သော ခရီးသွား ကဏ္ဍမှာ ပြန်လည်ဦးမော့လာလျက်ရှိသော်လည်း နဂိုမူလအခြေအနေသို့ ရောက်ရှိရန်နှင့် အလျင်အမြန် တိုးတက်လာစေရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကဟန်ချက်ညီညီ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆွဲဆောင်မှုရှိသော ခရီးသွား ဆွဲဆောင်ရာနေရာများနှင့် ဘေးကင်းလုံခြုံသော Travel Bubbles များကို ဖော်ထုတ်နိုင်ရေး အတွက် ရေတို၊ ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်သွားနိုင်ရန် အစိုးရနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များပူးပေါင်းမှုဖြင့် “ခရီးသွားလုပ်ငန်းဖိုရမ်” ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ ခရီးသွားလုပ်ငန်း အလျင်အမြန်တိုးတက်လာစေရေးအတွက် အားလုံးဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ခရီးသွားလုပ်ငန်းဖိုရမ်နှင့် ပတ်သက်၍ ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်က working group အဖွဲ့များ၏ အပတ်စဉ် ဆွေးနွေးချက်များကို ကောက်နုတ်တင်ပြပြီး အမြဲတမ်းအတွင်းဝန် ဦးလှိုင်ဦးက ရှေ့ဆက်လက်ဆောင်ရွက် ရမည့် ကိစ္စရပ်များအပေါ် ဆွေးနွေးပြောကြားကာ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ဖြည့်စွက် ဆွေးနွေးသည်။
ယင်းနောက် ပုဂ္ဂလိက working group အဖွဲ့(၅)ဖွဲ့မှ ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)