ကန့်ဘလူ ၂၈ ဩဂုတ်


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)ကျောင်းတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်း ဦးဆောင်၍ တပ်ဖွဲ့ဝင် ၃၀ ဦးတို့ဖြင့် ငလျင်ဘေးအန္တရာယ်နှင့် အခြားသဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများကို ဩဂုတ်လတတိယပတ် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)ကျောင်း ဘွဲ့နှင်းသဘင်ခန်းမတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းက ငလျင်ဘေးအန္တရာယ်၊ အခြားသဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျင်လျင်မြန်မြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ ကိုင်တွယ်အသုံးပြုပုံပြသခြင်း၊ BA Set (အသက်ရှုကိရိယာ) ဝတ်ဆင်အသုံးပြုပုံပြသခြင်းများ ပြုလုပ်ပြီး ငလျင်ဘေးအန္တရာယ်ဖြစ်ပွားလာပါက ထိခိုက်မှုလျော့နည်းစေရေး ကျောင်းသားကျောင်းသူများနှင့် ပူးပေါင်းကာ လက်တွေ့သရုပ်ပြသခြင်းများ၊ ကျောင်းရှေ့၌ ဆီမီးလောင်မှုအား ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်သရုပ်ပြသခြင်း၊ လက်တွေ့ဆောင်ရွက်စေခြင်း၊ မီးငြှိမ်းသတ်ယာဉ်ဖြင့် ငြှိမ်းသတ်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူ ၁၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)