ဘားအံ ၂၈ မေ


ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ADRA Myanmar နှင့် Norad အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုဖြင့် နည်းပညာနှင့် သက်မွေးပညာသင်တန်းများ အပတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲကို မေလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက အစိုးရနည်းပညာ အထက်တန်းကျောင်း (ဘားအံ) သင်တန်းခန်းမ၌ ကျင်းပသည်။


အဆိုပါသင်တန်းများကို ဒေသတွင်းလူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ နည်းပညာနှင့် သက်မွေးပညာရပ်များသင်ယူနိုင်မှုအခွင့်အလမ်းများပိုမိုရရှိနိုင်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာ သည်နှင့်အညီ တစ်ဦးချင်းဝင်ငွေ ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး အဆင့်မြင့်စက်ချုပ် သင်တန်းတွင် (၂၅)ဦး၊ အမျိုးသား၊ အမျိုးသမီး ဆံပင်ညှပ်အလှပြင်သင်တန်းတွင် (၂၂)ဦး၊ သံဂဟေ၊ စတီးဂဟေဆက်ခြင်း အတက်ပညာသင်တန်းတွင် (၂၄)ဦး၊ ဟိုတယ်ဝန်ဆောင်မှု သင်တန်းတွင် (၂၇)ဦး၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း သင်တန်းတွင် (၂၆)ဦး စုစုပေါင်းသင်တန်းသား/သူ ၁၂၄ ဦး တက်ရောက်ကြကာ သင်တန်းကာလမှာ လေးလခွဲ ဖြစ်ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲကို ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးလှိုင်က အဖွင့်အမှာစကားပြောကြားကာ အစိုးရနည်းပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါက်တာချိုယူမွန်က အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကာလတို သင်တန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ADRA – Myanmar ၏ Project Director ဦးစောဝီလျှံဖိုးက ADRA – Myanmar ၏ လုပ်ဆောင်ချက်များအား ရှင်းလင်းပြောကြားကာ  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ က သင်တန်းခန်းမများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)