တာချီလိတ် ၂ ဇွန် 

 


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ အကောက်ခွန်ဦးစီးဌာနပိုင် မြေပေါ်တွင် ငှားရမ်းဖွင့်လှစ်ထားသည့် ဈေးဆိုင်ခန်း (၁၂)ခန်းအား သတ်မှတ်ကာလအတွင်း ထွက်ခွာပေးရန် အကြောင်းကြားခဲ့သော်လည်း ပြောင်းရွှေ့ပေးခြင်းမရှိသဖြင့် အိမ်ဥပစာ(နှင်ထုတ်ခြင်း) ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းကို ဇွန် ၁ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 


ယခင်အချိန်က အကောက်ခွန်ဦးစီးဌာနပိုင် မြေပေါ်တွင် ဆိုင်ခန်းများ ငှားရမ်းဖွင့်လှစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆိုင်ခန်းများ ဖယ်ရှားပေးရန် ညွန်ကြားစာထုတ်ခဲ့သည်။ ဆိုင်ခန်းပိုင်ရှင်များမှ ဖယ်ရှားပေးခြင်းမရှိသဖြင့် အကြိမ်ကြိမ် သတိပေးညွှန်ကြားစာများ ထုတ်ပြန်ပေးခဲ့ရကြောင်း၊ ၂၀၁၉ ခုနှစ် မေလ (၁၈)ရက်နေ့ကို နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် သတိပေးစာ ထပ်မံပေးထုတ်ခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့် မေ ၂၉ ရက်တွင် နောက်ဆုံးအကြိမ် သတိပေးအကြောင်းကြားစာ ထုတ်ခဲ့ကြောင်း သိရသည်။

 


ထိုကဲ့သို့ အကြိမ်ကြိမ်သတိပေးညွှန်ကြားစာ ထုတ်ခဲ့ရာတွင် လိုက်နာခြင်းမရှိသဖြင့် မေ ၃၁ ရက် နောက်ဆုံးထား၍ ထွက်ခွာပေးရန် ထပ်မံသတိပေးခဲ့ပြီး လိုက်နာမှုမရှိသဖြင့် ဇွန် ၁ ရက်တွင် ဖယ်ရှားရှင်းလင်းရခြင်းဖြစ်ကြောင်း အကောက်ခွန်ဦးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်လင်းက ပြောကြားခဲ့သည်။

 


ခရိုင်(ပြန်/ဆက်)