ရန်ကုန် ၅  ဇူလိုင် 
 
နိုင်ငံတော်အစိုးရ၏ မူဝါဒလမ်းညွှန်မှု၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ပညာရှင်များပူးပေါင်း၍ တစ်တိုင်းပြည်လုံးရှိ ကွန်ပျူတာသုံး မြန်မာဘာသာစကား ဖတ်ရှုရေးသားသူများသည် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် နိုင်ငံတကာသုံး စံချိန်စံညွှန်းနှင့် ကိုက်ညီသော  မြန်မာယူနီကုဒ်စံ စနစ်သို့ တစ်ပြိုင်တည်း ကူးပြောင်းနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ MICT Park ၌ ကျင်းပသည့် ယူနီကုဒ်သုံး မြန်မာစာစနစ် ပြောင်းလဲအသုံးပြုရေး စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

အမျိုးသားစံချိန်စံညွှန်းကောင်စီသည် စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပုဒ်မ ၅၊ ပုဒ်မခွဲ(ခ)ပါ လုပ်ငန်းတာဝန်များအရ MMS ISO/IEC 10646:2017 သတင်းအချက်အလက် နည်းပညာ၊ နိုင်ငံတကာသုံး ယူနီကုဒ်စံစနစ်အား မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ကြောင်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက် ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (ဝ၂၂/၂၀၁၉)ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်တွင် အစိုးရဌာနများသည် ISO 10646 နိုင်ငံတကာသုံး ယူနီကုဒ်စံ စနစ်နှင့်ကိုက်ညီသော မြန်မာယူနီကုဒ်သို့ အောင်မြင်စွာ ကူးပြောင်းခဲ့ပြီးဖြစ်သည်။ ကျန်ရှိသော နည်းပညာ အခက်အခဲအချို့ကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အောက်မှ Natural Language Processing Lab (NLP Lab)နှင့် ပြင်ပ ပညာရှင်များ ပူးပေါင်း ဖြေရှင်းပေးလျက်ရှိကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကလည်း “ယူနီကုဒ် စံစနစ်သုံး မြန်မာစာစနစ်က သတင်းအချက်အလက်တွေကို စနစ်တကျသိမ်းဆည်းနိုင်ခြင်း၊ လွယ်ကူတိကျစွာ ပြန်လည် ရှာဖွေနိုင်ခြင်း၊ မြန်မာစာစနစ်အတိုင်း အလွယ်တကူ အက္ခရာစဉ်နိုင်ခြင်း၊ ဘာသာပြန်ဆိုမှုမှာလည်း အခြားဘာသာတစ်ခုကို မြန်မာဘာသာသို့ အပြန်အလှန် ပြန်ဆိုမှုကို ပိုမို အဆင်ပြေချောမွေ့စေခြင်း၊ မြန်မာဘာသာစကားကို ကွန်ပျူတာစနစ်မှာ အပြည့်အဝ အသုံးချလာနိုင်ခြင်း၊ တိုင်းရင်းသား ဘာသာစကားတွေကိုလည်း ယူနီကုဒ်စနစ်မှာ အလွယ်တကူ အသုံးပြုနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကြောင့် ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ်ကို စံချိန်စံညွှန်းအဖြစ် ပြောင်းလဲအသုံးပြုရခြင်းဖြစ်ပါတယ်”ဟု ပြောသည်။

လူသုံးအများဆုံး Operating System များဖြစ်သည့် Microsoft Windows, Apple Mac OS, Linux, Google Android, Apple iOS စသည့်စနစ်များတွင် မြန်မာယူနီကုဒ်ကို အလိုအလျောက် ထောက်ပံ့ပေးထားပြီးဖြစ်သည်။ ထို့ပြင် Microsoft Office, Google, YouTube, Facebook, Massenger, Viber စသည့် မြန်မာနိုင်ငံတွင်အသုံးများသည့် Website များ၊  လူမှုကွန်ရက်များ၊ Mobile Application များနှင့် Office productivity software များသည်လည်း မြန်မာယူနီကုဒ်ကို လက်ခံ ကျင့်သုံးနေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က “မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဟာ မြန်မာစာစံစနစ်ရဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ၊ အကြံပြုမှုတွေကို ဆောင်ရွက်နေပါတယ်။ ယူနီကုဒ်စနစ်ပြောင်းလဲဖို့ အကောင်အထည်ဖော်မှု အစီအစဉ်တွေမှာလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေ၊ လုပ်ငန်းကြီးတွေ၊ နည်းပညာကုမ္ပဏီတွေ၊ ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။

ယူနီကုဒ်စံစနစ်ကို Database များ၊ Spreadsheet များတွင် ထည့်သွင်းသုံးစွဲရာ တွင် sorting, searching စသည့် ထောက်ပံ့မှုများရရှိမည်ဖြစ်သည့်အတွက် လုပ်ငန်းသုံး ဆော့ဖ်ဝဲများ၊ ဌာနဆိုင်ရာ e-Government application များနှင့် အမျိုးမျိုးသော နောက်ဆုံးပေါ် နည်းပညာအသုံးချစနစ်များအတွက် ပိုမိုကောင်းမွန် ပြည့်စုံသော ထောက်ပံ့မှုများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်သည် ယခုအခါတွင် သက်ဆိုင်ရာအစိုးရဌာနများ၊ ဆက်သွယ်ရေး အော်ပရေတာများ၊ မီဒီယာလုပ်ငန်းများ၊ အသင်းအဖွဲ့များ၊ ကွန်ပျူတာလုပ်ငန်းများ၊ ဆော့ဖ်ဝဲရေးဆွဲသူများ၊ မိုဘိုင်းဖုန်း ထုတ်လုပ်သူများ၊ အပြည်ပြည်ဆိုင်ရာ နည်းပညာကုမ္ပဏီကြီးများ၊ စီးပွားရေး လုပ်ငန်းများ၊ မြန်မာစာအဖွဲ့နှင့် ပညာရှင်များတို့ဖြင့် ပူးပေါင်း၍ မြန်မာစာ သုံးစွဲသူများ မြန်မာယူနီကုဒ်သို့ တစ်ပြိုင်တည်း ကူးပြောင်းရာတွင် အဖက်ဖက်မှ အဆင်ပြေချောမွေ့ စေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးသောင်းစုငြိမ်းက “ဒီ ယူနီကုဒ်စံစနစ်နဲ့ပတ်သက်ပြီး ၁၉၉၈ ခုနှစ်ကတည်းက ပညာရှင်တွေအားလုံးက ကြိုးစားပမ်းစားလုပ်ခဲ့ကြတာ ဆယ်စုနှစ်  နှစ်ခုကျော်ကြာခဲ့ပါပြီ။ ၂၀၁၉ ခုနှစ် ဧပြီ  ၁ ရက်မှာ အစိုးရဌာနတွေအတွင်းမှာ ယူနီကုဒ်ကိုစပြီး ပြောင်းပြီးသုံးခဲ့ပါတယ်။ အဲဒီမှာ ပြည်ထောင်စု ဖောင့်-၃ ဆိုပြီး သတ်မှတ်သုံးခဲ့ပါတယ်။ အဲဒါကို ကွန်ပျူတာအသင်းချုပ် ကနေ လိုအပ်တဲ့အချက်တွေကို  တောက်လျှောက်ဆက်ပြီး ပေးနေပါတယ်။ ဝန်ကြီးဌာနထဲမှာ ဧပြီ  ၁ ရက်ကစပြီး သုံးခဲ့တာမှာ ဘာအခက်အခဲရှိလဲ၊ အဆင်မပြေတာရှိလား၊ စက်တွေ အချင်းချင်းပေးပို့လို့ရလား၊ အဲဒါရဲ့အတွေ့အကြုံအရ လိုအပ်ချက်လေးတွေကို တွေ့မြင် ထားတာရှိပါတယ်။ အဲဒါတွေကို ကွန်ပျူတာအသင်းချုပ်ကနေ ပညာရှင်တွေနဲ့ ဖွဲ့ထားတဲ့အဖွဲ့က ဆောင်ရွက်နေပါတယ်။ အသင်းအဖွဲ့ထဲမှာရှိတဲ့ ပညာရှင်တွေရော၊ ပြင်ပပညာရှင်တွေရောပူးပေါင်းပြီး ဒီယူနီကုဒ်စံစနစ်ကို အားလုံးအဆင်ပြေချောမွေ့ အောင် ဝိုင်းပြီးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု ပြောသည်။

မြန်မာယူနီကုဒ်သို့ ကူးပြောင်းရေးလုပ်ငန်းစဉ်များကို မြန်မာစာသုံးစွဲသူများ သိရှိနားလည်စေရန်နှင့် ကျယ်ပြန့်စွာ သိရှိကြရန် ဆိုရှယ်မီဒီယာတွင် ထင်ပေါ်ကျော်ကြားသည့် Key Opinion Leader (KOL)များ၏ အကူအညီများကိုလည်း ရယူဆောင်ရွက်သွားမည် ဖြစ်ပြီး ကူညီကြမည့် KOL အမည်စာရင်းကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် သြဂုတ် ၁ ရက်တွင် ယူနီကုဒ်ကူးပြောင်းရေးဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းများနှင့်ပူးပေါင်းကာ စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကြုံတွေ့ရမည့် နည်းပညာအခက်အခဲများကို ဖြေရှင်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


“အခက်အခဲတွေကို ကြိုသိရအောင် ကြိုတင်စမ်းသပ်ဖို့လည်း လိုပါတယ်။ ကြိုသိလာရင် ပိုပြီးဖြေရှင်းပေးလို့ ရပါတယ်။ ရည်ရွယ်ချက်ကောင်းတစ်ခုနဲ့ အားလုံးကောင်းဖို့ ပြောင်းလဲတာကို အောင်မြင်အောင် ဝိုင်းဝန်းကြပါလို့ ပြောချင်ပါတယ်”ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါတ်တာထွန်းသူရသက်က ပြောသည်။

စမ်းသပ်မှုအောင်မြင်သည့်အခါ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် မြန်မာစာ အသုံးပြုသူများအားလုံး တစ်ပြိုင်တည်း မြန်မာယူနီကုဒ်သို့ ကူးပြောင်းသွားနိုင်မည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က မျှော်မှန်းထားကြောင်းသိရသည်။


အသေးစိတ်သိလိုပါက ဆက်သွယ်ရန် မြန်မာယူနီကုဒ်ဆိုင်ရာ အချက်အလက်များ www.mcf.org.mm ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဖုန်း - 01-652307 ၊ [email protected] ၊ မြန်မာယူနီကုဒ်စံစနစ်ဆိုင်ရာ အချက်အလက်များ  unicodetoday.org  တို့တွင် ကြည့်ရှုဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်း - ရီရီမြင့်