မြဝတီ ၈ အောက်တိုဘာ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရေး စခန်းများတွင် ကြိုတင်မဲဆန္ဒပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုရေးစခန်းများတွင် ကြိုတင်မဲဆန္ဒပေးနိုင်ရေးနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မြဝတီမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဒေါက်တာမြင့်အောင်ကျော်က ဆန္ဒမဲပေးခွင့် မဆုံးရှံးစေရေးအတွက် မြဝတီမြို့နယ်တွင်ဖွင့်လှစ်ထားသော အသွားအလာကန့် သတ်စောင့်ကြပ်ကြည့် ရှုရေးစခန်းများတွင် ရောက်ရှိနေသော မိဘပြည်သူများအား အောက်တိုဘာလ ၈ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း စာရင်းများကောက်ခံပြီး ပုံစံ(၁၅) ထုတ်ပေးကာ အောက်တိုဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၃၁ ရက်နေ့ထိ ကြိုတင်မဲပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကြိုတင်မဲဆန္ဒပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော မြဝတီမြို့နယ် အတွင်းရှိ ဌာနဆိုင်ရာများက နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ၌ တာဝန်ယူထားမှုများနှင့် လုပ်ငန်းစဉ်များကို အပြန်အလှန်ဆွေးနွေးခဲ့သည်။
မြဝတီမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထားခြင်းကို အောက်တို ဘာလ ၁ ရက်နေ့မှစပြီး ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာ ပေးထားရာ မြဝတီမြို့နယ်၌ မဲရုံးပေါင်း ၈၃ ရှိပြီး၊ မဲဆန္ဒရှင်ဦးရေ ၁၅၁၀၂၉ ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်


